သြဂုတ် ၂၊ The Nation Voice
ဦးသန်းရွှေအာဏာရစဉ် ၂၀၀၀ ခုနှစ်က ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်ကနေ ဆင်ဖြူတော် (၃) စီးရရှိခဲ့ပြီးတော့ ရန်ကုန်မြို့၊ မင်းဓမ္မလမ်း၊ မင်းဓမ္မတောင်မှာ ဆင်ဖြူတော်ဥယျာဉ်တွေတည်ဆောက်ကာ ဘွဲ့တွေပေးအပ်ခဲ့ပြီး ငါးထောင်တန်ငွေစက္ကူတွေမှာလည်း ဆင်ပုံတွေကိုရိုက်နှိပ်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၃) ရက်၊ မင်းအောင်လှိုင်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာရှိတဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ထိန်းကျောင်းထားတဲ့ ဆင်ဝိုင်းက ဆင်ဖြူတော်လို့ သတ်မှတ်လိုက်တဲ့ ဆင်တစ်ကောင်(အထီး)ကို မွေးဖွားခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့ ထုတ်ပြန်လိုက်တဲ့အထဲမှာ ယခုပေါ်ထွက်လာတဲ့ ဆင်ဖြူတော်ဟာ အင်္ဂါရပ် (၈) ချက်ထဲက (၇) ချက်အထိ ကိုက်ညီနေပြီး ယခင်ကပေါ်ထွန်းခဲ့တဲ့ ဆင်ဖြူတော် (၉) စီးထဲက (၁) စီးသာ (၇) ချက်နဲ့ကိုက်ညီခဲ့ပြီး ကျန် (၈) စီးကတော့ အများဆုံး (၆) ချက်လောက်ပဲ ကိုက်ညီတယ်လို့ မင်းအောင်လှိုင်ရဲ့အဖွဲ့က ဆိုပါတယ်။
အဲဒီဆင်လေးဟာ အသက် (၁၀) ရက်အတွင်း အရပ်အမြင့် (၂) ပေ (၅) လက်မခွဲခန့်နဲ့ အလေးချိန် ပေါင် (၁၉၀) လောက်ရှိပြီး မိခင် ဆင်မကြီးနဲ့ ကျန်းမာပျော်ရွှင်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီဆင်သားအမိကို ရခိုင်ပြည်နယ်ကနေ တခြားနေရာတစ်ခုကို ပြောင်းရွှေ့ဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
