ဩဂုတ် ၂၊ The Nation Voice
မြဝတီ – ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့နဲ့ ဆက်စပ်နေရာတွေကို အကြမ်းဖက် စစ်ကောင်စီက ဇူလိုင်လ (၇) ရက်နေ့မှ စတင်ကာ စစ်ကြောင်းများစွာဖြင့် ကျူးကျော်ဖို့ နေ့စဉ် ကြိုးစားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
အဲဒီလို ကျူးကျော်လာပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘယ်နေရာမှ မသိမ်းပိုက်နိုင်ဘဲ တပ်ရင်း၊ စစ်ကြောင်း ဖွဲ့စည်းပုံပျက်ယွင်းတဲ့အထိ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ကျဆုံးခြင်း၊ ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်းတွေ ဖြစ်ပွားနေတယ်လို့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။
မနေ့ကလည်း မနက် (၉) နာရီမှ စတင်ကာ ညအချိန်ထိ အကြမ်းဖက်စစ်ကောင်စီနဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
ကျူးကျော်သူ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရပြီးတော့ သေဆုံး၊ ထိခိုက် စာရင်းကို အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီနေ့မှာလည်း မနက်အစောပိုင်းက စတင်ကာ ယခု သတင်းထုတ်ပြန်ချိန်အထိ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၄၄) ၊ နဗဟ (၄၄၁) လက်အောက်ခံတပ်၊ လက်ရုံးတပ်ဖွဲ့တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်လို့ ကော်ဘရာစစ်ကြောင်းက အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်က Yak 130 လေယာဉ်နဲ့ ယနေ့ ညနေ (၄)နာရီ ခန့်မှာ တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘေးကင်းလုံခြုံခဲ့တယ်လို့သိရပါတယ်။
ယနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်မှု များပြားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တဲ့ အရေအတွက် တော့အတည်မပြုနိုင်သေးပါဘူး။
