အာဏာသိမ်းစစ်တပ်ကို ဆက်လက်ဒဏ်ခတ်အရေးယူသွားမယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးထုတ်ပြော

ဩဂုတ် ၂၊ The Nation Voice

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့စစ်တပ်ကို ဒဏ်ခတ်အရေးယူမှုတွေဆက်လုပ်သွားမယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်ကပြောပါတယ်။

“အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားပါမယ်”လို့ ခရစ်စတင်ဘရင့်ခ်ကပြောပါတယ်။

ခရစ်စတင်ဘရင့်ခ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်နဲ့တနင်္လာနေ့ကတွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဦးမိုးဇော်နဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လို့လည်း စတင်သုံးစွဲလာပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ အရင်ကထုတ်ပြန်ချက်တွေမှာတော့ ဒီမိုကရေစီလိုလားတဲ့အတိုက်အခံတွေလို့ပဲ သုံးနှုန်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့အသုံးအနှုန်းကိုတော့ အခုထုတ်ပြန်ချက်မှာမှ ပထမဆုံးစတင်သုံးစွဲလာတာဖြစ်ပါတယ်။

Photo – Bureau of East Asian and Pacific Affairs

Leave a Reply

Your email address will not be published. Required fields are marked *