ထိုင်ဝမ်နဲ့စည်းလုံးညီညွတ်ဖို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကတိပြု၊ တရုတ်က ထိုင်ဝမ်ဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေ

သြဂုတ် ၃၊ The Nation Voice

ထိုင်ဝမ်ကို ကမ္ဘာ့အလွတ်လပ်ဆုံးအသိုက်အဝန်းထဲက တစ်နိုင်ငံအဖြစ်ဂုဏ်ပြုပြောဆိုခဲ့ပြီး အမေရိကန်-ထိုင်ဝမ်စည်းလုံးညီညွတ်ဖို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီက ကတိပြုခဲ့ချိန်မှာ တရုတ်နိုင်ငံကလည်း ပြီးခဲ့တဲ့ (၂၅)နှစ်အတွင်း အမေရိကန်ရဲ့နိုင်ငံရေးအာဏာအရှိဆုံးပုဂ္ဂိုလ် ထိုင်ဝမ်ကို လာရောက်တဲ့ခရီးစဉ်ကို ဒေါသတကြီးရှုတ်ချနေပါတယ်။

ပီလိုစီထိုင်ဝမ်ရောက်နေတာကို တရုတ်နိုင်ငံက ဒေါသတကြီးတုံ့ပြန်နေပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့တစိတ်တပိုင်းဖြစ်ကြောင်းပြောထားတဲ့တရုတ်နိုင်ငံက ထိုင်ဝမ်ရေပိုင်နက်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်တာ၊ တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီးတုံ့ပြန်တာ၊ ထိုင်ဝမ်က စိုက်ပျိုးရေးထွက်ကုန်အများအပြားတင်သွင်းမှုကို ရပ်ဆိုင်းတာတွေနဲ့ တုံ့ပြန်နေတာပါ။

တရုတ်နိုင်ငံရဲ့စီစဉ်ထားတဲ့စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ရဲ့ ရေမိုင် (၁၂)မိုင်ကျယ်တဲ့ပင်လယ်နဲ့ ရေကြောင်းပိုင်နက်တွေထဲမှာဖြစ်လာမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပြီး မကြုံစဖူးဖြစ်ရပ်ဟာ ထိုင်ဝမ်ကို ရေကြောင်းနဲ့လေကြောင်းပိတ်ဆို့မှုတွေလုပ်ဖို့လို့ ကာကွယ်ရေးအရာရှိကြီးတစ်ဦးက သတင်းထောက်တွေကိုပြောပါတယ်။

အင်္ဂါနေ့ညပိုင်းမှာ ကြိုတင်မကြေညာထားတဲ့ခရီးစဉ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ပီလိုစီဟာ ထိုင်ဝမ်ကိုရောက်ရှိခဲ့ပါတယ်။

“ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီးကလည်း ဒါကိုအသိအမှတ်ပြုစေလိုက်ပါတယ်”လို့ ပီလိုစီက တရုတ်နိုင်ငံအတွက် လက်မခံနိုင်စရာဖြစ်တဲ့ တရားဝင်လွတ်လပ်ရေးကြိုးပမ်းနေတယ်လို့ ယူဆရတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့တွေ့ဆုံစဉ်မှာပြောပါတယ်။

Source – Reuters Photo – Reuters

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးအပါအဝင် ကိစ္စအများအပြားကို ပေါ်ပေါ်ထင်ထင်ဝေဖန်ခဲ့တဲ့ပီလိုစီက တီယန်မင်တက်ကြွလှုပ်ရှားသူဟောင်းတစ်ဦး၊တရုတ်နိုင်ငံကထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင်က စာအုပ်ရောင်းချသူတစ်ဦးနဲ့တရုတ်နိုင်ငံကမကြာသေးခင်ကမှပြန်လွှတ်ပေးခဲ့တဲ့ ထိုင်ဝမ်တက်ကြွလှုပ်ရှားသူတစ်ဦးတို့နဲ့တွေ့ဆုံဖို့ရှိနေတယ်လို့ ဒီဖြစ်ရပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထိုင်ဝမ်ကိုနောက်ဆုံးရောက်ခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက ၁၉၉၇ ခုနှစ်မှာ ရောက်ခဲ့တဲ့ နယူ့တ် ဂျင်းရစ်ချ်ဖြစ်ပါတယ်။ ပီလိုစီရဲ့ခရီးစဉ်ကတော့ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း တရုတ်နိုင်ငံက စီးပွားရေး၊ စစ်ရေးနဲ့ ပထဝီနိုင်ငံရေးမှာပိုအားကောင်းတဲ့အခြေအနေနဲ့ ပေါ်ထွက်လာပြီး အမေရိကန်-တရုတ်ဆက်ဆံရေးသိသိသာသာထိခိုက်နေချိန်မှာဖြစ်လာတာပါ။

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေအဝေးရောက်နေတဲ့ပြည်နယ်တစ်ခုအဖြစ် တရုတ်နိုင်ငံဘက်က ရှုမြင်ထားပြီး အင်အားအသုံးပြုပြီးပြန်လည်ထိန်းချုပ်ဖို့ ပြောထားတာကို ပြန်လည်ရုတ်သိမ်းခြင်းမရှိပါဘူး။

အခုခရီးစဉ်ကိုအသုံးပြုပြီး ထိုင်ဝမ်ကို စစ်ရေးအရအရေးယူဖို့အခွင့်ကောင်းမယူဖို့လည်း အမေရိကန်က တရုတ်ကို သတိပေးထားပါတယ်။

Source – Reuters Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *