ဩဂုတ် ၃၊ The Nation Voice
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ပဉ္စမတန်းကျောင်းသားငယ် (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသား (၂)ဦး အပါအဝင် (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကထုတ်ပြန်ခဲ့ပြီး ကျောင်းသားငယ်နှစ်ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၂ရက် မွန်းလွဲပိုင်းက ပလက်ဝမြို့နယ်၊တုံးမဝကျေးရွာမှာ ကျောင်းတက်ပြီး ကုလားတန်မြစ်အတိုင်းပြန်လာတဲ့ ရီးမဝကျေးရွာက ကျောင်းသူ၊ ကျောင်းသားငယ်တွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေကို တုံးမဝကျေးရွာတစ်ဖက်ကမ်း နှမဒါကျေးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် (၁၁)နှစ်အရွယ် အိုက်နေမင်းထွန်းနဲ့ အိုက်အောင်သန်းမြတ် တို့ အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသား (၂) ဦးနဲ့ ပညာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း (၃) ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်နိုင်ချိန်မှာ တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ICNCC က ထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းပြည်နယ်အတွင်းက ဖယ်ရှားနိုင်မှသာ ချင်းပြည်သူတွေ လုံခြုံငြိမ်းချမ်းနိုင်မှာဖြစ်လို့စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖယ်ရှားနိုင်ရေးအတွက် ကျရာနေရာကဆက်လက် ပါဝင်ကြဖို့ချင်းပြည်သူတွေကို တိုက်တွန်းပန်ကြားကြောင်းလည်း ICNCCက ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
