သြဂုတ် ၃၊ The Nation Voice
မြန်မာစစ်တပ်က ကွပ်မျက်မှုတွေထပ်လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးအစီအစဉ်ကို အာဆီယံအဖွဲ့အနေနဲ့ ပြန်လည်သုံးသပ်ဖို့ ဖိအားပေးသွားမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အာဆီယံဘုံသဘောတူညီချက်(၅)ချက်ကို လိုက်နာအကောင်အထည်ဖော်ဖို့ အာဆီယံက မြန်မာစစ်တပ်က တိုက်တွန်းနေပြီး မကြာသေးခင်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄)ဦးကို ကွပ်မျက်ခဲ့တဲ့အတွက် ရှုတ်ချခဲ့ပါတယ်။
“အကျဉ်းသားတွေကို ထပ်ပြီးကွပ်မျက်ရင် အာဆီယံဘုံသဘောတူညီချက် (၅)ချက်မှာ ကျွန်တော်တို့ရဲ့အခန်းကဏ္ဍကို ပြန်သုံးသပ်ဖို့ တွန်းအားပေးတာပါပဲ”လို့ ဒီနေ့စတင်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအဖွင့်မိန့်ခွန်းမှာ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဟွန်ဆန်ကပြောပါတယ်။ အာဆီယံရဲ့စည်းလုံးညီညွတ်မှုကို စီးပွားရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းအဖြစ် တဖြည်းဖြည်းပြောင်းလဲလာတဲ့ မြန်မာနိုင်ငံကပဋိပက္ခကြောင့် နိုင်ငံရေးနဲ့လုံခြုံရေးဂယက်တွေက စိန်ခေါ်နေတယ်လို့လည်း ဟွန်ဆန်ကပြောပါတယ်။
ဘုံသဘောတူညီချက် (၅)ချက်က လူတိုင်းဆန္ဒတွေကို မပြည့်မီသေးပေမဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးခြင်းအပါအဝင် တိုးတက်မှုတချို့ရှိခဲ့တယ်လို့လည်း ဟွန်ဆန်ကပြောပါတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တက်ကြွလှုပ်ရှားသူတွေကို ကွက်မျက်မှုကြောင့် လက်ရှိအခြေအနေသိသိသာသာပြောင်းလဲခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုမတိုင်ခင်ထက် ပိုဆိုးလာတယ်လို့ ရှုမြင်နိုင်တယ်ဆိုပြီးလည်း ဟွန်ဆန်ကပြောပါတယ်။ သူကိုယ်တိုင်နဲ့ တခြားသူတွေက သေဒဏ်ချမှတ်တာကို ပြန်သုံးသပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တဲ့လုပ်ရပ်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံကလည်း စိတ်ပျက်နေကြောင်းလည်း ဟွန်ဆန်ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့အနီးစပ်ဆုံးအိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာက ရှုတ်ချမှုတွေကိုဖုံးကွယ်တဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုကွပ်မျက်တာဟာ ပြည်သူတွေအတွက် တရားမျှတမှုရှိစေဖို့လို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့တပတ်မှာ ခုခံပြောဆိုခဲ့ပါတယ်။
