သြဂုတ် ၃၊ The Nation Voice
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ် ဒီနေ့မှာ မြန်မာနိုင်ငံလာရောက်မယ်လို့ TASS သတင်းအေဂျင်စီက သတင်းဖော်ပြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံက ဝန်ကြီးအဆင့်လာရောက်မှုပထမဆုံးခရီးစဉ်ဖြစ်လာမှာပါ။
လာရော့ဗ်ဟာ အာဏာသိမ်းစစ်တပ်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာတွေ့ဆုံဖို့ရှိနေပါတယ်။ ဆွေးနွေးမှုတွေမှာ ကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသာမက ကာကွယ်ရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာကိုကိုးကားပြီး TASS ကဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံအစိုးရကိုဖြုတ်ချတာနဲ့ ဆန့်ကျင်သူတွေကို သွေးမြေခတဲ့ဖြိုခွင်းမှုတွေလုပ်တာကြောင့် မြန်မာအာဏာသိမ်းစစ်တပ်ကို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပြီး ဖယ်ကျဉ်ဆက်ဆံနေကြပါတယ်။
ဒါပေမဲ့ ရုရှားနဲ့ ဆက်ဆံရေးဆက်လက်ကောင်းမွန်နေပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မော်စကိုမြို့ကို ပုဂ္ဂလိကခရီးစဉ်သွားရောက်ပြီးနောက်ပိုင်း ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်သွားမယ်လို့ အခုလအစောပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနိုင်ငံက အာဏာသိမ်းစစ်တပ်ကို ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ် (၂)မျိုးနဲ့ သံချပ်ကာကား (၂) မျိုး၊လေကြောင်းကာကွယ်ရေးစနစ်(၁)မျိုးတို့ ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံအရေးကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ သောမတ်စ် အန်ဒရူးက ဖေဖော်ဝါရီလမှာပြောပါတယ်။
မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံးရင် လာရော့ဗ်က ကမ္ဘောဒီးယားနိုင်ငံသွားရောက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ကာ နှစ်ဖက်အစည်းအဝေးတွေပြုလုပ်ဖို့ရှိတယ်လို့လည်း ဇာခါရိုဗာကပြောပါတယ်။
