သြဂုတ် ၄ ၊ The Nation Voice
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဖလံမကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ လာရောက်တပ်စွဲတာကြောင့် ဒေသခံပြည်သူ (၁၇၀)ကျော် ဘေးလွတ်ရာရှောင်နေရတယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မနေ့ သြဂုတ် (၂) ရက်ထဲက ကန်ဇွန်းမဘက်ကနေ စစ်ကား (၃)စီးနဲ့ ရောက်ရှိလာတာဖြစ်ပြီး ဆော – ဆိပ်ဖြူလမ်းပိုင်းနဲ့ တစ်မိုင်ခန့်သာဝေးတဲ့ ဖလံမကျေးရွာမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။
” အထိုင်ချတာတော့ ဖလံမမှာလာပြီး အထိုင်ချတယ်။ ဖလံမဟိုဘက်က အိုင့်ကြီးမှာတော့ ကင်းပုန်းချတာလောက်ပဲရှိတယ်။ ရွာခံတွေကတော့ မနေရဲလို့ ထွက်ပြေးလာကြတာပေါ့ ” လို့ LSRPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဖလံမနဲ့ အိုင့်ကြီးကျေးရွာတွေဘက်က ဘေးလွတ်ရာရှောင်လာတဲ့ ဒေသခံပြည်သူ (၁၇၀)ကျော်ကို နေထိုင်စားသောက်ရေးစီစဥ်ပေးထားပြီး စစ်ရေးအခြေအနေတွေပေါ် မူတည်ပြီး စားဝတ်နေရေးလိုအပ်ချက်တွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
” တိုက်ပွဲဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရမှာပေါ့။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က အသင့်ပြင်ဆင်ပြီး တောက်လျှောက်ကင်းထောက်ထားတယ် ” လို့ LSRPDF မှ ရဲဘော်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ ဆော – ဆိပ်ဖြူလမ်းပိုင်းကို အရေးပေါ်ပိတ်ထားပြီး တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
