ထိုင်ဝမ်အနီးမှာ ကျည်အစစ်သုံးစစ်ရေးလေ့ကျင့်မှုတွေ တရုတ်ပြုလုပ်၊ တရားဝင်ခြင်းမရှိ၊ တာဝန်ယူမှုမရှိတဲ့လုပ်ရပ်အဖြစ် ထိုင်ဝမ်ဝေဖန်

သြဂုတ် ၄၊ The Nation Voice

ထိုင်ဝမ်ကိုဝန်းရံနေတဲ့နေရာ(၆) ခုမှာ တရုတ်နိုင်ငံက ဒီနေ့ကြာသပတေးနေ့မှာစတင်ပြီး ကျည်အစစ်သုံးတဲ့စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။

တရုတ်နိုင်ငံက အချုပ်အခြာအာဏာပိုင်လို့သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒီမိုကရေစီပိုင်နက် ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီလာရောက်ပြီး နောက်တစ်ရက်မှာ စတင်ပြုလုပ်တာပါ။

တနင်္ဂနွေနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေပြီးဆုံးမယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံကဖော်ပြပြီး လေ့ကျင်မှုတွေဟာ ရေပြင်မှာ ပစ်ခတ်မှုတွေနဲ့ ထိုင်ဝမ်ကိုဝန်းရံနေတဲ့လေပိုင်နက်ထဲမှာ ပြုလုပ်မှာလို့လည်း ဖော်ပြပါတယ်။

တရုတ်စစ်ရေးလေ့ကျင့်မှုဇုန်ရှိတဲ့ ထိုင်ဝမ်ရဲ့မတ်ဆူကျွန်းနားမှာ ဒုံး (၂)စင်းပစ်လွှတ်ခဲ့တယ်လို့ ထိုင်ဝမ်လုံခြုံရေးအစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေဟာ ကုလသမဂ္ဂရဲ့စည်းမျဉ်းတွေကို ချိုးဖောက်နေပြီး ထိုင်ဝမ်ပိုင်နက်ကိုကျူးကျော်နေသလို လွတ်လပ်စွာလေကြောင်းရေကြောင်းသွားလာမှုတွေကို တိုက်ရိုက်စိန်ခေါ်နေတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေကပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညပိုင်း ပီလိုစီထိုင်ဝမ်ကပြန်ထွက်သွားပြီးနာရီပိုင်းအကြာမှာ ဒရုန်းတွေဖြစ်နိုင်တဲ့အမည်မဖော်နိုင်တဲ့လေယာဉ်တွေ ထိုင်ဝမ်ကျွန်းပိုင်နက်နားကနေဖြတ်ပျံသွားတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကြားမတူညီမှုတွေဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ထိုင်ဝမ်ကို သူတို့ပိုင်ကြောင်းပြောထားပြီး လိုအပ်ရင် လက်နက်အင်အားသုံးသိမ်းယူမယ်လို့ပြောထားတဲ့ တရုတ်နိုင်ငံက ကြာသပတေးနေ့မှာပြောပါတယ်။

“ထိုင်ဝမ်လွတ်လပ်ရေးအသည်းအသန်လိုချင်နေသူတွေ၊ ပြည်ပအားကိုးတွေကို တရုတ်နိုင်ငံရဲ့အပြစ်ပေးမှုက အကျိုးအကြောင်းကိုက်ညီပြီး ဥပဒေနဲ့အညီဖြစ်ပါတယ်”လို့ ဘေကျင်းအခြေစိုက် ထိုင်ဝမ်ရေးရာရုံးကပြောပါတယ်။

ပီလိုစီရဲ့ထိုင်ဝမ်ခရီးစဉ်ဟာ ရူးကြောင်ကြောင်၊ တာဝန်ယူမှုမရှိ၊ ယုတ္တိမတန်တဲ့လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောတယ်ဆိုပြီး CCTV က ဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *