နိုင်ငံတည်ငြိမ်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ကြိုးစားမှုနဲ့ လာမယ့်နှစ်မှာရွေးကောက်ပွဲလုပ်ဖို့ကို ရုရှားထောက်ခံ

သြဂုတ် ၄၊ The Nation Voice

အကြပ်အတည်းတွေ့ကြုံနေရတဲ့မြန်မာနိုင်ငံတည်ငြိမ်အောင် အာဏာသိမ်းစစ်တပ်ရဲ့ကြိုးစားမှုတွေနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကို ရုရှားနိုင်ငံကထောက်ခံတယ်လို့ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ဆုံခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်က ပြောတယ်လို့ ရုရှားအစိုးရပိုင်မီဒီယာကဖော်ပြပါတယ်။

“နိုင်ငံအခြေအနေတည်ငြိမ်ဖို့ရည်ရွယ်တဲ့ စစ်တပ်ရဲ့ကြိုးစားမှုတွေနဲ့အတူ ကျွန်တော်တို့ညီညွတ်စွာရပ်တည်နေပါတယ်”လို့ နေပြည်တော်မှာ တွေ့ဆုံမှုတွေအတွင်းပြောခဲ့တယ်လို့ TASS သတင်းအေဂျင်စီကဖော်ပြပါတယ်။

“လာမယ့်နှစ်မှာ ဥပဒေပြုရွေးကောက်ပွဲတွေကျင်းပမှာဆိုတော့ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဆိုပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ အာဏာသိမ်းမှုဆန့်ကျင်သူတွေကပြောထားတဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာကျင်းပမယ်လို့ပြောထားတဲ့ရွေးကောက်ပွဲတွေကို ရည်ညွှန်းပြီး လာရော့ဗ်ကပြောပါတယ်။

ပဋိပက္ခတွေဖြစ်နေတဲ့မြန်မာနိုင်ငံ တည်ငြိမ်ငြိမ်းချမ်းနေမှရွေးကောက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့လမှာ ရုရှားနိုင်ငံမြို့တော်မော်စကိုကို ပုဂ္ဂလိကခရီးစဉ်နဲ့ရောက်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် အခုလိုပြောတာဟာ နယ်စပ်ဒေသတွေက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်တပ်ကို ရင်ဆိုင်ဖို့ အရှိန်မြှင့်တင်လာချိန်မှာပါ။

မိတ်ဖက်တရုတ်နိုင်ငံနဲ့အတူ ရုရှားနိုင်ငံကို လူ့အခွင့်အရေးအုပ်စုတွေနဲ့ ကုလသမဂ္ဂကျွမ်းကျင်သူဦးတို့က အရပ်သားတွေကိုတိုက်ခိုက်ရာမှာအသုံးပြုခဲ့တဲ့လက်နက်တွေ စစ်တပ်အတွက်ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

နှစ်နိုင်ငံကြားခရီးသွားလာမှုတွေမြှင့်တင်နိုင်ဖို့ ကောင်စစ်ဝန်ရုံးအသစ်တွေထပ်ဖွင့်သွားဖို့လည်း လာရော့ဗ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဆွေးနွေးခဲ့ကြတယ်လို့ TASS ကပြောပါတယ်။

လာရော့ဗ်ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ဘက်က မှတ်ချက်မပြုသေးပါဘူး။ လာရော့ဗ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ထိပ်တန်းသံတမန်ကိုတက်ရောက်ခွင့်မပြုထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကိုတက်ရောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

Source – AFP Photo – AFP

Leave a Reply

Your email address will not be published. Required fields are marked *