သြဂုတ် ၄၊ The Nation Voice
ရွေးကောက်ပွဲမစခင်ကတည်းက NLD ပါတီဟာ အသာစီးရရှိစေဖို့အတွက် နည်းပညာပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးအပိုင်းတို့မှာ ကြိုတင်ဖန်းတီးခဲ့တဲ့အခြေအနေတွေရှိတယ်လို့ မနေ့က မြန်မာနိုင်ငံကို လာခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းအငြင်းပွားမှုကို အာဏာရပါတီက ဖြေရှင်းမပေးခဲ့ကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ယူခဲ့ရတာဖြစ်တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ ကို မင်းအောင်လှိုင်က ပြောဆိုခဲ့ပါသေးတယ်။
“၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ မစတင်မီကတည်းက အာဏာရပါတီအနေဖြင့် အသာစီးရရှိစေရေး နည်းပညာပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတို့တွင် ကြိုတင်အခြေအနေ ဖန်တီးခဲ့သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲအပြီး မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်မှ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးမှု မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်တယ် ” လို့ မင်းအောင်လှိုင်က ပြောခဲ့တာပါ။
မင်းအောင်လှိုင်တို့အုပ်စုဟာ အဲဒီလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ အာဏာသိမ်းတဲ့အပြင် NLD ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် တို့ အပါအဝင် ပါတီထိပ်သီး ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒါတင်မကသေးဘဲ နိုင်ငံအဝန်း စစ်တပ်ဆန့်ကျင်တဲ့ ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေး လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သလို ယနေ့အချိန်အထိလည်း စစ်တပ်ဆန့်ကျင်သူတွေကို ရှာဖွေဖမ်းဆီးသတ်ဖြတ်နေပါတယ်။
