သြဂုတ် ၄၊ The Nation Voice
အာဆီယံအဖွဲ့နဲ့သဘောတူခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာအာဏာသိမ်းစစ်တပ်ဘက်က ကတိကဝတ်နဲ့ ချစ်ကြည်ရင်းနှီးမှုတွေဖော်ပြတာမရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ညပိုင်းမှာပြောပါတယ်။
အခုတပတ်မှာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြုလုပ်နေပြီး အဖွဲ့ဝင်(၁၀) နိုင်ငံပါတဲ့အာဆီယံက ပြီးခဲ့တဲ့နှစ်မှာသဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်(၅)ချက်ကို လိုက်နာဖို့ မြန်မာနိုင်ငံကို တိုက်တွန်းနေတာပါ။
အာဏာသိမ်းစစ်တပ်က ကတိတွေအများကြီးဖျက်ခဲ့တယ်ဆိုပြီး တွေ့ဆုံဆွေးနွေးမှုမှာပါဝင်တဲ့နိုင်ငံတချို့က ပြောတယ်လို့ ဝန်ကြီး ရန်တို မာဆူဒီက ရုပ်သံမိန့်ခွန်းမှာပြောပါတယ်။ အစည်းအဝေးကနေ ပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူထားပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စာပိုဒ်တွေကို ပြန်လည်သုံးသပ်နေတယ်လို့လည်း မာဆူဒီကပြောပါတယ်။
