ထိုင်းစားသောက်ဆိုင်မှာမီးလောင်မှုကြောင့် လူ (၁၃)ဦးသေဆုံး၊လူ(၄၀)ဒဏ်ရာရ

သြဂုတ် ၅၊ The Nation Voice

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ဆက်သာဟစ်မြို့က လူများတဲ့နိုက်ကလပ်တစ်ခုမှာ သောကြာနေ့မနက်အစောပိုင်းက မီးလောင်မှုကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးပြီး လူ(၄၀) လောက်ဒဏ်ရာရခဲ့ပါတယ်။

မနက် ၁ နာရီလောက်က စားသုံးသူတွေပြည့်နေတဲ့ Mountain B စားသောက်ဆိုင်မှာမီးလောင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ Sawang Rojana Thammasathan ဖောင်ဒေးရှင်းကပြောပါတယ်။ မီးလောင်မှုကြောင့် အမျိုးသား(၉)ဦးနဲ့ အမျိုးသမီး (၄) ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူအားလုံးက ထိုင်းနိုင်ငံသားတွေလို့ယူဆရကြောင်း ဖလူတလွမ်ရဲစခန်းအကြီးအကဲ ရဲမှူးကြီး ဝတ်တီပေါင် ဆွမ်ဂျိုင်ကပြောပါတယ်။ ဒီဂျေအခန်းနားမှာ ပေါက်ကွဲသံ (၂) ကြိမ်ကြားလိုက်ရပြီး အသံလုံဖော့တွေကို မီးလောင်ရာကနေ မီးပွားတွေထွက်လာတဲ့နောက်ပိုင်း မီးမြန်မြန်ဆန်ဆန်ပျံ့နှံ့ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

Source – Bangkok Post Photo – Bangkok Post

ဆိုင်ခေါင်မိုးမှာ မီးလောင်နေတာတွေ့ပြီးနောက် သူနဲ့လုံခြုံရေးဝန်ထမ်းတွေက စားသုံးသူတွေ ရှေ့တံခါးကနေ အပြင်ထွက်နိုင်အောင် ကူညီဖို့ကြိုးစားခဲ့တယ်ဆိုပြီး ဆိုင်တာဝန်ခံ အသက် ၂၆ နှစ်အရွယ် သန်ရာပတ် ဆွန်ဆူဝန်ဟီရန် ကပြောပါတယ်။ မီးလောင်မှုကြောင့် လူ (၄၀)လောက် ဒဏ်ရာရခဲ့ပြီး တကိုယ်လုံးကို မီးလောင်ခဲ့တဲ့ လူ (၈)ဦးရဲ့အခြေအနေကတော့ စိုးရိမ်ရတယ်လို့ ချွန်ဘူရီရဲတပ်မှူးကြီး ရဲဗိုလ်ချုပ်ကြီး အသာဆစ် ကစ်ဂျာဟန်ကပြောပါတယ်။

ပြီးခဲ့တဲ့တလလောက်ကမှစဖွင့်ခဲ့တဲ့ဆိုင်ဟာ ဒေသခံလူငယ်တွေကြားရေပန်းစားပြီး စားသုံးသူတွေ သီချင်းနားထောင်နေတဲ့အချိန်မှာ မီးလောင်ခဲ့လို့ ဘေးကင်းအောင် အသည်းအသန်ပြေးလွှားခဲ့ကြတာပါ။

Source – Bangkok Post Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *