သြဂုတ် ၅၊ The Nation Voice
စစ်တပ်အနေနဲ့ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်၊ ရထားတဲ့အာဏာကို လက်မလွှတ်သေးဘူးလို့ မင်းအောင်လှိုင်က ပြောဆိုပါတယ်။
မနေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ ဒုဥက္ကဋ္ဌ(၁) ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံတဲ့အချိန်မှာ စစ်ခေါင်းဆောင်က အထက်ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအဖွဲ့များအနေနဲ့လည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခွင့်အရေးကို ရရှိဖို့ တရားဥပဒေနဲ့အညီ၊ စည်းကမ်းနဲ့အညီ၊ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့နဲ့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ တွေးခေါ်ပြောဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ လိုအပ်ချက်များကို ပြောဆိုနိုင်သော်လည်း ဥပဒေနဲ့အညီ ငြိမ်းချမ်းတဲ့နည်းလမ်းများဖြင့်သာ ဆွေးနွေးဆောင်ရွက်ရမှာဖြစ်တယ်လို့ သူက ထပ်မံပြောပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုခဲ့တဲ့ တရားဥပဒေဆိုတာ လက်ရှိအချိန်မှာတော့ သူတို့စစ်တပ်က ချုပ်ကိုင်ထားတာဖြစ်ပြီး လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့လိုအပ်ချက်တွေပြောဆိုနေသူကိုတော့ ဖိနှိပ်ဖမ်းဆီးမှုတွေနဲ့ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတစ်လျှောက်မှာ (၂၅) ရာခိုင်နှုန်းယူထားတဲ့ စစ်တပ်က တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ဒေသအခွင့်အရေးတွေကို တောင်းဆိုဖို့ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်မှာ ပိုမိုပါဝင်လာရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
