သြဂုတ် ၅၊ The Nation Voice
အီရတ်နိုင်ငံမှာ နေ့အပူချိန် (၅၀) ဒီဂရီဆဲလ်စီးယက်စ်ကျော်ခဲ့ပြီးနောက် နိုင်ငံနေရာအများအပြားက အစိုးရဝန်ထမ်းတွေကို အားလပ်ရက် တစ်ရက်ပေးလိုက်ပါတယ်။ အီရတ်နိုင်ငံကမြို့အများအပြားဟာ ကြာသပတေးနေ့မှာ ကမ္ဘာ့အပူဆုံးနေရာတွေအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ပူလောင်လွန်းလို့ ပြည်နယ်အနည်းဆုံး (၁၀) ခုက အစိုးရဝန်ထမ်းအများစုကို အလုပ်တွေရွှေ့ဆိုင်းခိုင်းထားတယ်လို့ Kurdistan24 သတင်းအေဂျင်စီကဖော်ပြပါတယ်။ ဇူလိုင်လလယ်ကတည်းက အီရတ်နိုင်ငံမှာ အပူလှိုင်းဖြတ်နေပြီး ဆက်ဖြစ်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့အပူဆုံးနေရာတွေထဲမှာပါတဲ့အီရတ်နိုင်ငံမှာ အပူရှိန်ပြင်းထန်လွန်းတာဟာ အထူးအဆန်းမဟုတ်ပေမဲ့ အခြေအနေတွေပိုဆိုးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုင်ငံတောင်ပိုင်း ဘတ်စ်ရာမြို့မှာ အစိုးရဝန်ထမ်းတွေကိုကြာသပတေးနေ့ကစတင်ပြီး ရုံး(၄)ရက်ပိတ်ပေးထားတာ ပါတယ်။ ဝန်ထမ်းအများအပြားအတွက် ရုံးတွေပိတ်ပေးထားပေမဲ့ ပုံမှန်လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုကြောင့် လေအေးစက်မဖွင့်နိုင်တဲ့အတွက် ပုံမှန်လိုပဲဆက်ပြီး ခံစားနေရဦးမယ်လို့ ဝန်ထမ်းအများအပြားကပြောပါတယ်။
