ဩဂုတ် ၅၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ဘယ်အဖွဲ့အစည်းကိုမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားတွေ ဖွဲ့စည်းတည်ဆောက်ဖို့ ခွင့်မပြုကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ဩဂုတ်(၃)ရက် နေ့စွဲနဲ့ KNU သထုံခရိုင် တပ်မဟာ (၁) အမြဲတမ်း ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ဘယ်အဖွဲ့အစည်းကိုမှ KNU ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ စည်းရုံးဖွဲ့စည်းတာတွေကိုခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။
ဘယ်အဖွဲ့အစည်းကိုမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာများဖြစ်ပေါ်စေတာ၊ နားလည်မှု ကွဲလွဲစေတာနဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံမှုကို ထိခိုက်စေတာ၊ အခွင့်အရေးဆုံးရှုံးစေတာစတဲ့ လုပ်ရပ်တွေ၊စည်းရုံးဖွဲ့စည်းခြင်းတွေကို ခွင့်မပြုဘူးလို့ KNU သထုံခရိုင်က ထုတ်ပြန်ခဲ့ပါတယ်။
KNU သထုံခရိုင် အနေနဲ့ အရင်ကတည်းက စစ်ကောင်စီ ယန္တရားတွေ သူတို့နယ်မြေထဲ တည်ဆောက်တာကို လက်မခံကြောင်း အသိပေးထားပါတယ်။ KNU သထုံခရိုင်မှာ မွန်ပြည်နယ် သထုံ၊ကျိုက်ထို၊ဘီးလင်း၊ပေါင် စတဲ့ ဒေသတွေ ပါဝင်ပြီးတော့ အဲဒီဒေသတွေအပါအဝင် နယ်မြေတချို့မှာ KNU နဲ့ မွန်ပြည်သစ်ပါတီ(NMSP)တို့ကြား နယ်မြေ အငြင်းပွားမှုတွေ အရင်ကတည်းက ဖြစ်ပွားခဲ့တာပါ။ NMSP ဟာ NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဆွေးနွေး နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
