ဆောမြို့မှာ ဖောက်ထွင်းခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး ကျူးလွန်သူတွေကို အရေးယူသွားမယ်လို့ PDF-Saw သတိပေး

သြဂုတ် ၆၊ The Nation Voice

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အခုရက်ပိုင်း ဖောက်ထွင်းခိုးယူမှုတွေ ဆက်တိုက်ဖြစ်နေပြီး ကျူးလွန်နေသူ​တွေရဲ့ အချက်အလက်အပြည့်အစုံကို စုံစမ်းကာ ထပ်မံကျူးလွန်နေပါက အရေးယူသွားမယ်လို့ PDF-Saw က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဖောက်ထွင်းခိုးယူနေသူတွေဟာ စျေးဆိုင်တွေနဲ့ လူနေ အိမ်တွေကို ဖောက်ထွင်းခိုးယူနေကြတာဖြစ်ပြီး အခုရက်ပိုင်းတင် ဆောမြို့ပေါ်မှာ ဖောက်ထွင်းခံရမှု အနည်းဆုံး (၄)ကြိမ်လောက်ရှိတယ်လို့ ဆိုပါတယ်။

” ဒီရက်ပိုင်းတင် အနည်းဆုံး (၄)ကြိမ်လောက်ရှိပြီး ဖောက်ထွင်းခံရမှုက၊ ဆိုင်တွေတင်မဟုတ်ဘူး၊ အိမ်တွေပါဖောက်ထွင်းခံရတာ ” လို့ PDF – Saw မှ ရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိကာလမှာ လူငယ်အများစုက တော်လှန်ရေးအတွက် အိမ်နဲ့ဝေးရာမှာ အသက်ကိုစတေးပြီး တော်လှန်နေချိန် တစ်လုံးချိုင့် အခွင့်အရေးသမားတချို့က ပြည် သူပိုင်ပစ္စည်းတွေ၊ ပြည်သူပိုင်ဆိုင်တွေကို ဖောက်ထွင်းခိုးယူနေကြတာဟာ ဆောမြို့အတွက် ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ ကျူး လွန်သူတွေနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ သတင်းအချက်အလက်တွေပေးပြီး ကူညီပေးကြဖို့ PDF-Saw က တိုက်တွန်းပါတယ်။ ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်နေတဲ့ တောကြောင်တွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ဆန်းစစ်ကြဖို့လိုအပ်ပြီး လူငယ်များ အိမ်နဲ့ဝေးရာမှာတော်လှန်နေချိန် ကိုယ့်မြို့ကို ကာကွယ်ရမယ့်အစား ပြည်သူကို မလုံမခြုံဖြစ်အောင် ဒုက္ခပေးနေခြင်းအား ရပ်တန်းကရပ်ဖို့ သတိ ပေးထားပြီး မလိုက်နာပါက အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *