ဩဂုတ် ၆၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေကားလမ်းအနီး တာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား (၄)ဦးဟာ ဩဂုတ် ၅ရက်မှာ KNU ဆီခိုလှုံလာတယ်လို့ ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ စစ်ကောင်စီရဲ့တပ်မ (၄၄)လက်အောက်ခံခမရ(၂)က တပ်ဖွဲ့ဝင်(၄)ဦးခိုလှုံလာတာဖြစ်တယ်လို့ဆိုပါတယ်။
“လုံခြုံတဲ့နေရာကိုရောက်သွားပြီ” လို့ ကော်ဘရာစစ်ကြောင်းရဲ့တာဝန်ရှိသူတစ်ဦးကအတည်ပြုပါတယ်။ Salween Press ကလည်းအဲဒီ တပ်ဖွဲ့ဝင် (၄)ဦး KNU ဆီခိုလှုံလာရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ကာယကံရှင်ရဲ့ ပြောကြားချက် ရုပ်သံကို မနေ့ညကဖော်ပြခဲ့ပါတယ်။ အခုလိုစစ်ကောင်စီလက်အောက်ကရုန်းထွက်လာတာဟာတာဝန်ပေးခိုင်းစေတာတွေတရားမျှတမှုမရှိ လို့ဖြစ်တယ်လို့ KNU ဆီရောက်လာတဲ့ တပ်ကြပ်ဇော်မင်းဦးကပြောပါတယ်။
စစ်ကောင်စီအနေနဲ့သူ့ရဲ့လက်အောက်ခံတပ်သားတွေ KNU ဆီ သွားရောက်ခိုလှုံတာတွေများပြားလာနေတဲ့အပေါ် တပ်တွင်းမှာ မဟုတ်မမှန်သတင်းတွေနဲ့ဝါဒဖြန့်ထားတယ်လို့လည်း တပ်ကြပ်ဇော်မင်းဦးကပြောပြပါတယ်။
“အဲဒီ အဖွဲ့(KNU)က တွေ့ရင်မင်းတို့ကို အရှင်မထားဘူး အကုန်လုံးရှေ့က ပြေးတဲ့ ကောင်တွေအကုန်လုံး သတ်တယ်။ တစ်ယောက်မှ အရှင်မထားဘူးတဲ့။အဲဒီလိုပဲသူတို့ပြောထားတာ ရှိတယ်။ကျွန်တော်တို့ကလည်း သိပ်မထွက်ရဲဘူးပေါ့။ အခု တကယ့်တကယ် ကျွန်တော်တို့လည်းထွက်လာရောအဲဒီ အဖွဲ့တွေက ကျွန်တော်တို့ကိုသတ်ဖို့နေနေသာသာ လက်ဖျားနဲ့တောင် မထိဘူး။ နွေးထွေးစွာ ကြိုဆိုတယ်။ ကောင်းကောင်းစောင့်ရှောက်တယ်” လို့ တပ်ကြပ်ဇော်မင်းဦးက ပြောပါတယ်။ အခု စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦး ထွက်ပြေးလာတဲ့မြ၀တီ – ဝေါ်လေလမ်း စစ်မြေပြင်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကသေဆုံးထိခိုက်တွေများပြားခဲ့ပါတယ်။
