ဩဂုတ် ၆၊ The Nation Voice
စစ်ကောင်စီဆီက ရုန်းထွက်ပြီး CDM ပြုလုပ်ချင်တဲ့စစ်ကောင်စီတပ်သားတွေ အနေနဲ့ Cobra Column Facebook Page ကိုဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်း က ထပ်မံအသိပေးထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မြ၀တီ- ဝေါ်လေလမ်း တဝိုက်တာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးဟာ ဩဂုတ် ၃ရက်မှာ ကော်ဘရာ စစ်ကြောင်းကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်းထုတ်ပြန်ရာမှာ အခုလိုအသိပေးခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)က တပ်ကြပ်ကြီးဇော်မင်းဦး၊တပ်သားဟိန်းစိုး၊တပ်သားစိုးဝင်းနဲ့တပ်သား ဇော်ဇော်တို့ဟာ ကော်ဘရာစစ်ကြောင်းကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။
ထပ်မံပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အခြားစစ်သည်တွေရဲ့အခြေအနေကိုလည်း လုံခြုံရေးအရစိတ်ချရတဲ့အချိန်မှာ အလျဉ်းသင့်သလိုသတင်းထုတ်ပြန်ပေးမယ်လို့လည်း ကော်ဘရာစစ်ကြောင်းက အသိပေးထားပါတယ်။
