စစ်တပ်ရှိတဲ့နေရာတွေမှာပဲ လုယက်မှုတွေဖြစ်နေ

သြဂုတ် ၇၊ The Nation Voice

ရန်ကုန်မြို့‌ပေါ်မှာ စစ်တပ်ရှိနေတဲ့နေရာတွေနဲ့ စစ်တပ်ဌာနချုပ်တွေရှိတဲ့နေရာဝန်းကျင်တွေမှာပဲ လုယက်မှုတွေဖြစ်နေပြီးတော့ စစ်တပ်နဲ့ ရဲတွေကိုယ်တိုင်က သေနတ်ထောက်ကာ လုယက်မှုတွေ ကျူးလွန်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ လုယက်မှုတွေနဲ့ ဓါးပြတိုက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်လာပြီး အဲဒီလိုဖြစ်ပေါ်တဲ့နေရာတွေဟာ စစ်တပ်ဌာန၊ တပ်ရင်း၊ တပ်ဖွဲ့တွေရှိတဲ့ နေရာတွေမှာပဲ အများဆုံးဖြစ်ပေါ်နေတာဖြစ်တာကြောင့် အဲ့ဒီနေရာတွေကို အဓိကရှောင်တိမ်းနေရတယ်လို့ ပစ္စည်းပို့ဆောင်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

” သမိုင်းလမ်းဆုံကနေ ပေါက်တောဝတစ်ဝိုက်ကိုသွားရင် ဖြတ်လမ်းတွေအများကြီးရှိတယ်။ ဒါပေမယ့် စစ်တပ်ရှိတဲ့ ဆေးဝါးစက်ရုံလမ်းဆိုတဲ့ နေရာမျိုးတွေနဲ့ ဘုရင့်နောင် အင်းစိန်လမ်းရဲ့ ကြို့ကုန်းမီးပွိုင့်နေရာတွေကိုမဖြတ်ရဲဘူး။ အမြဲတမ်းအလုခံရတယ်။ အလုခံရရင်လည်း စစ်တပ်ရှေ့မှာပဲ အလုခံရတာ ” လို့ Food Panda ပို့ဆောင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်အပြင် အခြားလုယက်သူတွေက လူသွားလာရှင်းလင်းတဲ့နေရာတွေမှာ လုယက်မှုတွေကျူးလွန်နေသလို ရံဖန်ရံခါ ရပ်ကွက်အတွင်းရှိ နေအိမ်များအထိပါ လုယက်မှုတွေကျူးလွန်နေကြပြီး လူမြင်ကွင်းလိုနေရာတွေမှာလည်း စစ်တပ်နဲ့ရဲတွေပေါင်းကာ ဆိုင်ကယ်စီးနင်းသူတွေကို သေနတ်ထောက်တာ၊ ဥပဒေနဲ့မညီဘူးလို့ဆိုကာ စိတ်ကြိုက်လုယက်မှုတွေကျူးလွန်နေကြတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။

ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုတွေအပြင် YBS ယာဥ်လိုင်းတွေပေါ်မှာ ဖမ်းဆီးရမိတဲ့ ခါးပိုက်နှိုက်တွေကို ရဲစခန်းကိုအပ်နှံပေမယ့် ခံဝန်လောက်နဲ့သာ ပြန်လည်စေလွှတ်နေတဲ့အထိ တရားဥပဒေစိုးမိုးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *