ဩဂုတ် ၇၊ The Nation Voice
မကွေးတိုင်းအတွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာရှိတဲ့ ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ The Youth Force – Saw&Kyaukhtu ကထုတ်ပြန်ထားပါတယ်။

The Youth Force ရံပုံငွေထဲကနေ ကလေးတွေအတွက်လိုအပ်တဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေကို နေရာ(၅)နေရာမှာ ပညာသင်ကြားနိုင်ရေးအတွက်ထောက်ပံ့ပေးခဲ့ပြီး စစ်ဘေးရှောင်ကလေးတွေအပါအဝင် ကျောင်းသား/သူ စုစုပေါင်း(၄၀၀)ကျော် ပညာသင်ကြားနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် ဒေသအတွင်းက CDM ဆရာ၊ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်ပေးကြပြီး ပညာသင်ကြားပေးတဲ့ ဆရာ/ဆရာမတွေကို တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)စီကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

“မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ပြည်သူများ အတွက် လိုအပ်သော ကူညီမှုများကိုလည်း ကြိုးစားဆောင်ရွက်သွားမည် ဖြစ်သည်”လို့ The Youth Force – Saw&Kyaukhtu ကသူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။

ဒါ့အပြင် ပညာရေးစုံညီပွဲတော်၊ဆုချီးမြှင့်ခြင်းအခမ်းအနားတွေကိုလည်း နေရာနှစ်နေရာမှာ ကျင်းပနိုင်ခဲ့ပြီး ကျောင်းသား/သူနဲ့ ကျောင်းသားမိဘတွေ(၃၀၀)ကျော်လောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

