သြဂုတ် ၇၊ The Nation Voice
ကျွန်းကို သိမ်းဖို့ တရုတ်နိုင်ငံက အကြိုပြင်ဆင်မှုတွေလုပ်ခဲ့တယ်လို့ ထိုင်ဝမ်ကပြောပြီးနောက် တရုတ်နိုင်ငံရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်ရန်စပြီး တာဝန်ယူမှုမရှိဘူးလို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ (၄)ရက်မြောက်နေပြီဖြစ်တဲ့ တရုတ်စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်ဖို့ လေယာဉ်တွေနဲ့ သင်္ဘောတွေဖြန့်ကျက်နေရာချထားတယ်လို့ ထိုင်ဝမ်ကပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီ ထိုင်ဝမ်ကိုလာရောက်ပြီးနောက် တရုတ်-ထိုင်ဝမ်အခြေအနေတင်းမာနေပါတယ်။
ထိုင်ဝမ်ကို ကွဲကွာနေတဲ့ပြည်နယ်လို့ တရုတ်ဘက်ကရှုမြင်ထားလို့ ပီလိုစီရဲ့ခရီးစဉ်ဟာ ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို စိန်ခေါ်လိုက်တာလို့ တရုတ်ပြည်မကြီးက ရှုမြင်နေပါတယ်။
နှစ်ဖက်ပိုင်းခြားထားတဲ့နယ်မြေကိုကျော်လွန်လာကာ ယာဉ်အချို့အပါအဝင် တရုတ်သင်္ဘောတွေနဲ့လေယာဉ်တွေက အခုသီတင်းပတ်ကုန်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ဆင်ရေးတွေလုပ်ဆောင်နေကြတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
နောက်ဆုံးစစ်ရေးလေ့ကျင့်မှုတွေအကြောင်း တရုတ်နိုင်ငံကတစုံတရာမှတ်ချက်မပြုပေမဲ့ (၄) ရက်ကြာ ရေကြောင်း၊လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေက တနင်္ဂနွေနေ့မှာပြီးဆုံးမယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်က တင်းမာမှုတွေမြင့်တက်လာအောင်လုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး ပီလိုစီရဲ့ခရီးစဉ်ဟာ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတို့ကို နှောင့်ယှက်နေတယ်လို့ တရုတ်ဘက်ကလည်း တုံ့ပြန်ထားပါတယ်။

Photo – Reuters