ယုံကြည်မှုနဲ့နိုင်ငံရေးဆန္ဒကင်းမဲ့မှုကြောင့် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရေငုံနှုတ်ပိတ်နေကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြော

သြဂုတ် ၇၊ The Nation Voice

ယုံကြည်မှုနဲ့ နိုင်ငံရေးဆန္ဒကင်းမဲ့ခြင်းတို့ကြောင့် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တုပ်တုပ်မလှုပ်ဖြစ်နေပြီး အတိုက်အခံတွေနဲ့စေ့စပ်တာ၊ ခိုင်မာတဲ့တိုးတက်မှုတွေလုပ်ပြနိုင်တာတို့မရှိရင် အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေကို ရှောင်ဖယ်နေဦးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ပရတ် ဆော့ခွန်းက စနေနေ့မှာပြောပါတယ်။

ရင်ဆိုင်တွေ့နေတဲ့အဖွဲ့အစည်းတွေက လက်လျှော့ဖို့ ဆန္ဒရှိကြောင်းမပြပေမဲ့ သူကတော့ မြန်မာနိုင်ငံအပေါ် လက်လျှော့သွားမှာမဟုတ်ဘူးလို့လည်း ဆော့ခွန်းကပြောပါတယ်။ မကြာသေးခင်က တက်ကြွလှုပ်ရှားသူ(၄)ဦးကို အာဏာသိမ်းစစ်တပ်က ကွပ်မျက်ခဲ့တာကလည်း ငြိမ်းချမ်းရေးမျှော်လင့်ချက်တိုင်းကို ထိုးနှက်မှုတစ်ခုဖြစ်လာပြီး အနာဂတ်မှာတိုးတက်မှုမရှိရင် မြန်မာနိုင်ငံအပေါ်အာဆီယံရဲ့အခြေအနေကို ပြန်လည်သုံးသပ်တော့မယ်လို့ ဆော့ခွန်းက အသိပေးပါတယ်။

“ရင်ဆိုင်နေကြတာရပ်ဖို့ အဖွဲ့အစည်းအားလုံးဆီက အရိပ်လက္ခဏာမမြင်ရပါဘူး။ အခုကျွန်တော်မြင်နေတဲ့လမ်းကြောင်းကတော့ ဆက်တိုက်နေကြတာပဲမြင်ပါတယ်။ ဘာလို့လဲ။ ယုံကြည်မှုမရှိကြလို့ပါ။ ဒီယုံကြည်မှုမရှိရင်တော့ ဆက်ရင်ဆိုင်နေကြမှာပါပဲ။ ကိုယ့်အသက်အတွက်စိုးရိမ်ကြရင် ဘယ်သူမှလာမှာမဟုတ်ဘူးဆိုတော့ နိုင်ငံရေးလုပ်ငန်းစဉ်ကလည်း ဘယ်တော့မှရပ်မှာမဟုတ်တော့ပါဘူး”လို့ ဆော့ခွန်းကပြောပါတယ်။

အတိုက်အခံတွေကိုပြင်းပြင်းထန်ထန်ဖြိုခွင်းလို့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာက ဖယ်ကျဉ်ထားပြီး ငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်မဖော်မချင်း နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုကိုယ်စားမပြုနိုင်အောင် စစ်တပ်ကို အာဆီယံက တားမြစ်ထားပါတယ်။

ကုလသမဂ္ဂထောက်ခံထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အာဆီယံတို့ ၂၀၂၁ ခုနှစ်မှာသဘောတူထားတဲ့ ဘုံသဘောတူညီချက်(၅)ရပ်ဟာလည်း သံတမန်ခင်းပြကွက်သာဖြစ်နေပြီး တိုးတက်မလာပါဘူး။ ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ဖို့နဲ့ သူတို့အုပ်ချုပ်မှုကိုဆန့်ကျင်သူတွေနဲ့မဆွေးနွေးဖို့ အာဆီယံနိုင်ငံတွေကို သောကြာနေ့နှောင်းပိုင်း ထုတ်ပြန်ချက်မှာ မြန်မာအာဏာသိမ်းစစ်တပ်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *