ရန်ကုန်မြို့ကို သိမ်းနိုင်ဖို့ လှိုင်း သုံးလှိုင်းနဲ့ တိုက်ခိုက်မယ်

သြဂုတ် ၇၊ The Nation Voice

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအနေနဲ့ စစ်ကောင်စီကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ခိုက်ပြီး ရန်ကုန်ကိုသိမ်းပိုက်ဖို့ကြိုးစားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေအားလုံး စုဖွဲ့ပြီးတော့ ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ တပ်မဟာရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ ရန်ကုန်တိုင်းကို ချုပ်ကိုင်နိုင်တဲ့အထိ ကြိုးစားသွားပါမယ်။ အဲဒီအတွက် စစ်ရေးဗျူဟာ ချမှတ်ထားပါတယ်။ ပထမလှိုင်းက နှင်းဆီလှိုင်းလို့ နာမည်ပေးထားတယ်။ နှင်းဆီဆိုတဲ့အတိုင်း ပျော့ပျော့လေးပဲ။ ဖောက်ခွဲမှုတွေကို လုပ်မယ်။ နောက်တစ်ခု သိန်းငှက်လှိုင်းပါ။ နှင်းဆီလှိုင်းထက် ပိုကြမ်းမယ်။ နောက်ဆုံးကတော့ နဂါးလှိုင်းကြရင်တော့ ရန်ကုန်တိုင်းကို သိမ်းနိုင်တဲ့အထိ လုပ်သွားပါမယ် ” လို့ သူကဆိုပါတယ်။

နှင်းဆီလှိုင်းအတွင်းမှာ Justice Lady Mission ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားမှုတစ်ခု ပါဝင်ခဲ့ပြီး တရားရုံးတွေကို သတိပေး တိုက်ခိုက်တာတွေ အပါအဝင် စစ်ကောင်စီနဲ့ စပ်ဆက်သူတွေကို သတိပေးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒုတိယလှိုင်းဖြစ်တဲ သိန်းငှက်လှိုင်းမှာတော့ ဖောက်ခွဲမှုတွေအပါအဝင် အပစ်အခတ်တွေနဲ့ တိုက်ခိုက်သွားမှာဖြစ်ပြီး နဂါးလှိုင်းအတွင်းမှာတော့ ရန်ကုန်တိုင်းအတွင်းက မြို့ထဲတွေတင်မကဘဲ မြို့ပြင်အထိပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) နဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး ရန်ကုန်တိုင်းကို ထိန်းချုပ်နိုင်တဲ့အထိ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လက်ရှိကာလအထိတော့ နှင်းဆီလှိုင်းအတွင်းမှာပဲ လုပ်ဆောင်နေတာဖြစ်ပြီး မကြာခင်မှာ သိန်းငှက်လှိုင်းကို လုပ်ဆောင်သွားမယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *