သြဂုတ် ၈၊ The Nation Voice
လူ (၄၃)ဦးအနည်းဆုံးသေဆုံးခဲ့တဲ့အပြန်အလှန်ပစ်ခတ်မှုတွေအပြီး (၃)ရက်အကြာမှာ အစ္စရေးနဲ့ပါလက်စတိုင်းစစ်သွေးကြွတွေကြား အပစ်ရပ်သဘောတူညီမှုအသက်ဝင်လာပါပြီ။ အီဂျစ်ကြားဝင်စေ့စပ်သူတွေက စတင်ပေးခဲ့တဲ့ဆွေးနွေးမှုနောက်ပိုင်း ဒေသစံတော်ချိန် ည ၁၁ နာရီခွဲမှာ အပစ်ရပ်သဘောတူညီချက်စတင်အသက်ဝင်ပြီး ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟက် (PIJ) စစ်သွေးကြွတွေကပြောပါတယ်။
အပစ်ရပ်သဘောတူညီလိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ် ယဲ လာပစ်ရဲ့ရုံးကလည်း အတည်ပြုပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလက ၁၁ ရက်ကြာခဲ့တဲ့ပဋိပက္ခနောက်ပိုင်း အခုထိပ်တိုက်ရင်ဆိုင်မှုတွေဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အပြင်းထန်ဆုံးတွေဖြစ်ပါတယ်။ အပစ်ရပ်သဘောတူညီချက်အသက်ဝင်လာချိန်မတိုင်မီပစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကိုတုံ့ပြန်တဲ့အနေနဲ့ ဂါဇာက အစ္စလာမ်မစ်ဂျီဟက်ပစ်မှတ်တွေကို ထိုးစစ်ဆင်ခဲ့တယ်ဆိုတာ အစ္စရေးစစ်တပ်က အတည်ပြုပြီး မိနစ်ပိုင်းအကြာမှာ ဂါဇာကနေ ဒုံးကျည်တချို့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေကဖော်ပြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ အပစ်ရပ်မှုကို ဆက်ထိန်းထားနိုင်ပါတယ်။
ဂါဇာကမ်းမြောင်ကနေရာတွေကို နောက်ဆုံးပစ်ခတ်ခဲ့တာဟာ စစ်သွေးကြွအုပ်စုရဲ့ခြိမ်းခြောက်မှုတွေကြောင့်လို့ အစ္စရေးစစ်တပ်ကပြောထားပါတယ်။ စစ်သွေးကြွထိပ်တန်းအဖွဲ့ဝင်တစ်ဦးကို အစ္စရေးက ဖမ်းဆီးပြီးနောက်ပိုင်း ရက်ပေါင်းများစွာတင်းမာမှုတွေဖြစ်ပြီးနောက် သိမ်းပိုက်ခံအနောက်ဘက်ကမ်းမြောင်ကအခုဖြစ်ရပ်တွေဖြစ်လာတာပါ။
နောက်ဆုံးအဖြစ်အပျက်တွေကြောင့် သေဆုံးသူ(၄၃) ဦးထဲမှာ ကလေးငယ်(၁၅)ဦးပါတယ်လို့ တနင်္ဂနွေနေ့ညနေပိုင်းမှာ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကပြောပြီး သေဆုံးမှုတွေနဲ့ဒဏ်ရာရသူ(၃၀၀)ကျော်အတွက်လည်း အစ္စရေးရန်လိုမှုကို အပြစ်တင်လိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ ဂါဇာကနေပစ်တဲ့ဒုံးကျည်တွေ ဂျေရုစလင်မြို့ကို ပထမဆုံးအကြိမ်အနေနဲ့ ရောက်ရှိခဲ့ပါတယ်။
