စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်စခန်းနဲ့ရှမ်းနီတပ်စခန်း တစ်ခုကို KIA နဲ့ PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ဩဂုတ် ၈၊ The Nation Voice

စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ် ဖားကန့်မြို့နယ်၊ဆယ်ဇင်းဒေသက စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့က ဒီမနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဒီနေ့တိုက်ပွဲကတော့ စခန်း (၂)ခုကတော့ သိမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အကျအဆုံးက လောလောဆယ် မသိရဘူး။ အခုအချိန်ထိ တိုက်ပွဲက ဖြစ်နေတုန်းလို့ ပြောတယ်။ လေကြောင်းက လာတာတော့ မကြားမိသေးဘူး” လို့စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့သိရပေမယ့် အသေးစိတ် အခြေအနေ တွေ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

အခု သိမ်းပိုက်ခံရတဲ့ အထဲမှာ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ပါဝင်ပြီး ရှမ်းနီတပ် SNA အနေနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ဒေသတွင်း PDF တွေကို တိုက်ခိုက်တာ ရှိသလို ပြည်သူလူထုကို ဆက်ကြေးကောက်ခံတာတွေ ပိုပြီး ပြုလုပ်လာနေတယ်လို့ စစ်ကိုင်းတိုင်းဒေသခံက ပြောပါတယ်။

“စစ်အာဏာသိမ်းပြီး ပေါ်ပေါ်ထင်ထင်ကောက်တာပေါ့။ ပြည်သူလူထုကို အကျိုးမပေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် ဒါကတော့ သူတို့ ကျရှုံးသွားလို့လည်း ဝမ်းနည်းစရာအကြောင်းမရှိဘူး” လို့ဒေသခံက ပြောပါတယ်။

ဆယ်ဇင်းဒေသက တပ်စခန်း (၂)ခု သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ KIA သတင်းပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ ဒီမနက်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။

အဲဒီ ဆယ်ဇင်းဒေသမှာ ဇူလိုင်လကတည်းက KIAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

“ပြီးခဲ့တဲ့ ဇူလိုင် ကတည်းက စစ်ရေးတင်းမာနေတာ။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက်က တိုက်ပွဲအကြီး အကျယ် ဖြစ်တော့ စစ်ကောင်စီဘက်က (၃၀)လောက်ကျဆုံးပြီး ရဟတ်ယာဉ်နဲ့ ပစ်တယ်။ KIA မှာ ရှိနေတဲ့ ကျွန်တော်တို့ PDF တစ်ဦးလည်း ကျဆုံးသွားတယ်။ ကျန်တဲ့ နှစ်ယောက် ဒဏ်ရာရတယ်။ KIA ဘက်က ဘယ်လောက်ထိလဲဆိုတာ တော့ မသိဘူး” လို့ဒေသခံက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *