သြဂုတ် ၈၊ The Nation Voice
တစ်နှစ်အတွင်း တရုတ်နိုင်ငံမှာ(၄)ယောက်မြောက်ကွယ်လွန်တဲ့သံအမတ်ဖြစ်လာတဲ့ မြန်မာသံအမတ်ကြီး တနင်္ဂနွေနေ့မှာကွယ်လွန်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ယူနန်ပြည်နယ်က ဒေသအာဏာပိုင်တစ်ဦးနဲ့ ဦးမျိုးသန့်ဖေတို့ စနေနေ့မှာ နောက်ဆုံးတွေ့ဆုံခဲ့တယ်လို့ တရုတ်ပြည်တွင်းသတင်းတွေမှာဖော်ပြပါတယ်။
ယူနန်မှာ တနင်္ဂနွေနေ့က သူကွယ်လွန်ခဲ့တယ်လို့ သံတမန် (၃)ယောက်ကပြောတယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။သံတမန်တွေကတော့ နှလုံးရောဂါကြောင့်ကွယ်လွန်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။စုံစမ်းမေးမြန်းဖို့ ဆက်သွယ်တာကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက မတုံ့ပြန်သေးပါဘူး။
ဦးမျိုးသန့်ဖေကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း တာဝန်ဆက်ထမ်းဆောင်နေတုန်းပါ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း ဂျာမနီ၊ ယူကရိန်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က သံအမတ်ကြီးတွေ တရုတ်နိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။
