သြဂုတ် ၉၊ The Nation Voice
တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်ကနေရာတချို့မှာ မိုးသည်းသည်းထန်ထန်ရွာခဲ့လို့ရေကြီးနေပြီး အနည်းဆုံးလူ (၇)ဦးသေဆုံးပြီးနဲ့ နောက်ထပ် (၉) ဦးဒဏ်ရာရခဲ့ပါတယ်။ တနင်္လာနေ့ညပိုင်းမှာ ရေကြီးတာကြောင့် လမ်းတွေမြုပ်တဝက်၊ ပေါ်တဝက်ဖြစ်နေပြီး ရထားဘူတာတွေလည်း ရေဝင်နေသလို မြို့နဲ့ ပတ်ဝန်းကျင်ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေလည်းဖြစ်နေပါတယ်။

တချို့နေရာတွေမှာ ပြီးခဲ့တဲ့နှစ်(၈၀)အတွင်းအများဆုံးမိုးရေချိန်ရှိခဲ့တယ်လို့ ကိုရီးယားမိုးလေဝသအေဂျင်စီ(KMA)ကပြောပါတယ်။နောက်ထပ်ရက်ပိုင်းလောက် မိုးထပ်ရွာနိုင်သေးတယ်လို့လည်း ရာသီဥတုဆိုင်ရာအရာရှိတွေက ခန့်မှန်းထားပါတယ်။ ဆိုးလ်မြို့၊ နိုင်ငံအနောက်ပိုင်းဆိပ်ကမ်းမြို့ အင်ချွန်းနဲ့ ဆိုးလ်မြို့ကိုဝန်းရံနေတဲ့ ဂျွန်းဂီပြည်နယ်တို့မှာ တနင်္လာနေ့ညက တစ်နာရီအတွင်း မိုးရေချိန် (၁၀) စင်တီမီတာကျော်ခဲ့တယ်လို့ ယွန်ဟက်သတင်းအေဂျင်စီကဖော်ပြပါတယ်။

ဆိုးလ်မြို့က ဒုံဂျက်ခရိုင်မှာ တစ်နာရီအတွင်း မိုးရေချိန်(၁၄.၁၅)စင်တီမီတာရှိခဲ့ပြီး ဒါဟာ ၁၉၄၂ ခုနှစ်နောက်ပိုင်း အများဆုံးပမာဏဖြစ်တယ်လို့ KMA ကပြောပါတယ်။ ရေကြောင့် ဆိုးလ်မြို့မှာ အနည်းဆုံးလူ (၁၆၃)ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး ကျောင်းတွေနဲ့ အများပြည်သူပိုင်အဆောက်အအုံတွေမှာ ခိုလှုံနေရတယ်ဆိုပြီး ယွန်ဟက်ကဖော်ပြပါတယ်။

ရေကြီးမှုကြောင့် ဆိုးလ်နဲ့အင်ချွန်းမြို့တွေမှာ ရထားလမ်းတွေရပ်နားထားရလို့ အများပြည်သူသုံးပို့ဆောင်ရေးစနစ်လည်း ထိခိုက်နေပါတယ်။ အနည်းဆုံးဗုဒ္ဓဟူးနေ့အထိ နိုင်ငံအလယ်ပိုင်းမှာ မိုးထပ်ကြီးနိုင်တယ်လို့ KMA ကခန့်မှန်းထားပြီး ဆိုးလ်မြို့လယ်နဲ့ပတ်ဝန်းကျင်ဒေသတွေကို သတိပေးထားပါတယ်။



