သြဂုတ် ၉၊ The Nation Voice
ထိုင်ဝမ်စစ်တပ်က ကျည်အစစ်သုံးပြီး ကျွန်းကိုတိုက်ခိုက်လာမယ့်အခြေအနေမှာ ကာကွယ်ရေးစနစ်ကိုလှုံ့ဆော်တဲ့စစ်ရေးလေ့ကျင့်မှုကို ဒီနေ့စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကစစ်ရေးလေ့ကျင့်မှုအကြီးစားတွေပြုလုပ်ပြီးနောက်ပိုင်းမှာ ထိုင်ဝမ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာပါ။
ပစ်မှတ်မီးကျည်နဲ့ လက်နက်ကြီးတွေပစ်ခတ်ပြီး ပင်တန်ခရိုင်မှာ တစ်နာရီလောက်ကြာခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုစတင်ခဲ့ကြောင်း ထိုင်ဝမ်ကြည်းတပ်တပ်မ(၈)ပြောခွင့်ရသူ လူဝေ့ဂျီကအတည်ပြုပါတယ်။ လက်နက်ကြီးကျည်နောက်ဆုံးအချက်တွေကိုပစ်ခတ်ပြီးနောက် စစ်ဆင်ရေးပြီးဆုံးပြီလို့ ထိုင်ဝမ်စစ်သားတွေက အော်ဟစ်ခဲ့တယ်ဆိုပြီး လေ့ကျင့်မှုအနားရောက်နေတဲ့ AFP သတင်းထောက်ကပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီ ထိုင်ဝမ်ကိုရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ ခရီးစဉ်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်က ဒီနေ့ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်မှာဖြစ်ပြီး တပ်ဖွဲ့ဝင်ရာချီဖြန့်ကျက်နေရာယူတာနဲ့ မြေစိုက်အမြောက် (၄၀) လောက်လည်းအသုံးပြုသွားမယ်လို့ ထိုင်ဝမ်စစ်တပ်ကပြောပါတယ်။ တရုတ်စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်ဖို့ မဟုတ်ဘဲ မူလစီစဉ်ထားတဲ့နေ့ရက်မှာပြုလုပ်တာလို့ လူက တနင်္လာနေ့မှာပြောပါတယ်။
