ဩဂုတ် ၉၊ The Nation Voice
ရှမ်းမြောက်ဒေသ နမ္မတူမြို့နယ်၊ ပန်ချင်အုပ်စု၊ လုပ်လေကျေးရွာမှာ လားရှိုးနဲ့နမ္မတူအကြား ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို မနေ့က စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ စစ်ကောင်စီ ထုတ်ကုန်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။ TNLA တပ်မဟာ ၄ စစ်ဒေသ ဖြစ်တဲ့ အဲဒီ လုပ်လေရွာမှာ (၉)နာရီကြာစစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (၅) ဦး နဲ့ စကစထုတ်ကုန် ABC Beer (၂) ဖာ၊ Tiger Beer (၂) ဖာ၊ Speed ချိုရည် (၆) ကဒ် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တအာင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး နဲ့ စကစထုတ်ကုန်တွေ ရောင်းချစားသုံးတာတွေ တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ TNLA အနေနဲ့ စစ်ကောင်စီ ထုတ်ကုန်ရောင်းချ စားသုံးခြင်း မပြုလုပ်ဖို့ အမိန့်စာကို ၂၀၂၁ ဇွန်လကတည်းက ဖြန့်ဝေခဲ့ပြီး စစ်ဆေးအရေးယူတာတွေလုပ်ဆောင်ခဲ့ပါတယ်။





