သြဂုတ် ၉၊ The Nation Voice
စက်သုံးဆီစျေးနှုန်းကြီးမြင့်မှု ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ စက်သုံးဆီကို ပြည်ပကနေ လျော့ချတင်သွင်းဖို့ မနေ့က အစည်းအဝေးမှာ မင်းအောင်လှိုင်က ပြောဆိုတဲ့အကြောင်း ဝါဒဖြန့်မီဒီယာတွေကနေ ဖော်ပြပါတယ်။ ပြည်ပကနေ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံဖိုးအထိ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ တင်သွင်းနေရတာဖြစ်တဲ့အတွက် အဲဒီပမာဏကို လျော့ချဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန် ပြည်တွင်းထဲမှာ စက်သုံးဆီရှားပါးစပြုလာတဲ့အတွက် ဆီပြတ်လတ်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး မင်းအောင်လှိုင် ပြောသလို ထပ်မံလျော့ချဦးမယ်ဆိုပါက စက်သုံးဆီဈေးနှုန်းတွေဟာ ယခုထက်ပိုမို ဈေးတက်လာနိုင်ပြီး စက်သုံးဆီရှားပါးမှုဒဏ်ကို မြန်မာပြည်သူတွေ ပိုမိုခံစားလာရနိုင်ဖို့ရှိကြောင်း စက်သုံးဆီရောင်းချသူတွေက သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းမှာ အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသတွေမှာ တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုတွေ စနစ်တကျဖြစ်ဖို့လိုတဲ့အကြောင်းနဲ့ ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့လည်း မင်းအောင်လှိုင်က ညွှန်ကြားခဲ့သေးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးမရတဲ့ ပြဿနာနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် စက်ရုံ၊ အလုပ်ရုံတွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်မားလာတာနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုလည်း ပြည်သူတွေခံစားနေရပါတယ်။
