သြဂုတ် ၉၊ The Nation Voice
မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က ဝင်မွှေနေပြီး စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့တယ်လို့ မြိုင်တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက် (၄) နာရီခန့်မှာ ပခုက္ကူ-ကမ္မလမ်းကတဆင့် ကား (၄)စီးနဲ့ ရောက်ရှိလာပြီး ဇီးတော၊ အိုးရင်း၊ သာစည် စတဲ့ကျေးရွာတွေကို ဝင်မွှေသောင်းကျန်းနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နေ့လယ် (၁၂) နာရီလောက်မှာ ဇီးတောကျေးရွာနဲ့ အိုးရင်းကျေးရွာတွေကို ၀င်ရောက်မွှေနှောက်ခဲ့ပြီး အိုးရင်းကျေးရွာက ဆီဆိုင်တစ်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့တာလို့ မြိုင်တော်လှန်ရေးအင်အားစုက ပြောပါတယ်။
” မြိုင်တောင်ပိုင်းမှာ ဝင်မွှေနေတယ်ရှင့်။ သာစည်ဘက်တွေ။ အသေးစိတ် ဆက်လက်စုံစမ်းနေဆဲပါရှင့် ” လို့ မြိုင်တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက ပြောပါတယ်။ အိုးရင်းရွာဘက်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ညနေပိုင်းမှာ သာစည်ရွာကို မီးတင်ရှို့နေပြီး ထိခိုက်ပျက်စီးတဲ့ အသေးစိပ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
