ဩဂုတ် ၉၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေတွေမှာ ဇူလိုင်လအတွင်း တိုက်ပွဲ(၂၅၉)ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က (၃၈၆)ဦးသေဆုံးကာ (၂၈၀) ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ KNU လက်အောက်ခံ တပ်တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံး အခြေအနေတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ KNLA နဲ့ KNDO တို့ဘက်က (၁၂)ဦး ကျဆုံးခဲ့ရပြီး (၂၆)ဦး ဒဏ်ရာရခဲ့ ကြောင်းလည်း အသိပေးထားပါတယ်။ ဒါ့အပြင် အပြစ်မဲ့ ပြည်သူ(၁၉)ဦး သေဆုံးကာ (၂၆)ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နယ်မြေတွေက KNU တပ်မဟာ(၁) သထုံခရိုင်(ဒူးသထူခရိုင်)၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်(မူတြော်ခရိုင်)နဲ့ တပ်မဟာ(၆)ဒူးပလာယာခရိုင် တို့ ဖြစ်ပါတယ်။ တပ်မဟာ(၁)နယ်မြေမှာ ထိတွေ့ပစ်ခတ်မှုပေါင်း(၂၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၄)ဦးသေဆုံးကာ (၄၅)ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်စီတပ်ရဲ့စစ်ကား(၈)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်နဲ့ BGF တွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့လို့ ပြည်သူ (၂)ဦး အသက်ဆုံးရှုံးရပြီး(၃)ဦး ဒဏ်ရာရခဲ့သလို စစ်ဘေးရှောင် ပြည်သူ ကိုးသောင်းခွဲနီးပါးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်မဟာ – ၂ နယ်မြေမှာ တိုက်ပွဲ (၃၃)ကြိမ် ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က (၈၇)ဦး သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်း ထောင်ထားမှု တို့ကြောင့် ပြည်သူ တစ်ဦး အသက်ဆုံးရှုံးရပြီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တပ်မဟာ(၃)နယ်မြေမှာတော့ တိုက်ပွဲ (၄၂)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၇၃)ဦး သေဆုံးကာ (၅၀)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကား (၆)စီး ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ ပြည်သူ (၈)ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ပြည်သူလူထု နေအိမ်တွေ ပျက်စီးခဲ့သလို နေအိမ်တွေကို မီးရှို့ခဲ့လို့ အိမ်(၂၂)လုံး မီးလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ (၃၉)ဦးကို ဖမ်းဆီး ချုပ်နှောင်ထားပြီး ထိုးကြိတ်ရိုက်နှက်နှိပ်စက်တာ၊ လမ်းပြအဖြစ်၊ လူသားဒိုင်းအဖြစ် ခိုင်းစေ အသုံးပြုခဲ့တာ အပြင် ဆိုင်ကယ် (၁၃)စီးနဲ့ စက်ဘီး (၁၂)စီးကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရန်ကြောင့် ဒေသခံ ပြည်သူ ၆သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ တပ်မဟာ(၄)နယ်မြေမှာ တိုက်ပွဲ (၁၄)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က (၃၁)ဦး သေဆုံးကာ (၄၀) ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူ တစ်ဦးသေဆုံး၊တစ်ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ် မီးရှို့ခဲ့ပြီး အပြစ်မဲ့ ပြည်သူလူထု(၉)ဦးကို အတင်းအဓမ္မ ဖမ်းဆီးကာ လမ်းပြအဖြစ် အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ စစ်ရှောင်ပြည်သူများ စွာရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။
KNU တပ်မဟာ(၅)နယ်မြေမှာ ထိတွေ့ပစ်ခတ်မှု(၇၂) ကြိမ်နဲ့ပြောက်ကျားပစ်ခတ်မှု (၃၈)ကြိမ် စုစုပေါင်း အကြိမ်(၁၁၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၉၅) ဦးသေဆုံးကာ (၅၅)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ကားတစ်စီးကို ဖျက်ဆီးခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂)ဦး သေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ နေအိမ် အဆောက်အဦး အချို့ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူများစွာ စစ်ရှောင်နေရကြောင်း အသိပေးထားပါတယ်။
KNU တပ်မဟာ(၆)နယ်မြေမှာ တိုက်ပွဲကြီးငယ် (၃၅)ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က(၇၅) ဦးသေဆုံးကာ (၇၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထု (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၀)လုံး နဲ့ စျေးဆိုင်တစ်ဆိုင်ကို ထိမှန်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ဒေသခံ ပြည်သူများ စွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း အသိပေးထားပါတယ်။
