ဂျပန်ပညာတော်သင်ပြန်မြန်မာဗိုလ်မှူးချုပ် အာဏာသိမ်းစစ်တပ်လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်နေ

သြဂုတ် ၁၀၊ The Nation Voice

ဂျပန်နိုင်ငံမှာ စစ်ပညာသင်ခဲ့တဲ့မြန်မာကြည်းတပ်ဗိုလ်မှူးချုပ်တစ်ယောက်ဟာ တိုင်းရင်းသားလူနည်းစုဒေသတွေမှာ ဆိုးရွားတဲ့အနိုင်ကျင့်မှုတွေကျူးလွန်နေတဲ့ဒေသကွပ်ကဲရေးဌာနချုပ်တစ်ခုမှာ အဆင့်မြင့်အရာရှိကြီးတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က သြဂုတ် ၁၀ ရက် ဒီကနေ့မှာပြောပါတယ်။

၂၀၂၁ ခုနှစ်၊ သြဂုတ်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင်အထိ ဗိုလ်မှူးချုပ်တင်စိုးဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့မှာစစ်ဆင်ရေးတွေကိုကြီးကြပ်ကွပ်ရပြီး အရပ်သားတွေအမြောက်အမြားကိုသတ်ဖြတ်ခဲ့မှုနဲ့တခြားရက်စက်မှုတွေအတွက်တာဝန်ရှိတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အခြေစိုက်ခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို စစ်ပညာလေ့ကျင့်သင်ကြားပေးနေတာ ချက်ချင်းရပ်သင့်ကြောင်းနဲ့ စစ်ဥပဒေတွေကိုချိုးဖောက်နေတဲ့စစ်ဆင်ရေးတွေမှာ လေ့ကျင့်ပေးလိုက်သူတွေပါဝင်နေခြင်းရှိ၊ မရှိစုံစမ်းစစ်ဆေးသင့်တယ်လို့ HRW က တိုက်တွန်းပါတယ်။

“ဂျပန်စစ်ပညာလေ့ကျင့်သင်ကြားရေးအစီအစဉ်ကနေကျောင်းဆင်းသွားသူတွေက မြန်မာစစ်တပ်အနိုင်ကျင့်မှုတွေပြင်းထန်နေတဲ့ ပဋိပက္ခဒေသတွေမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ဂျပန်အစိုးရအနေနဲ့ မီးနဲ့မဆော့သင့်ဘဲ မြန်မာစစ်တပ်ကိုထောက်ပံ့နေတာတွေချက်ချင်းရပ်သင့်ပါတယ်”ဆိုပြီး HRW ရဲ့အာရှအစီအစဉ်ဆိုင်ရာအရာရှိ တက်ပဲအီ ကာဆာအီကပြောပါတယ်။

“ဂျပန်အစိုးရက မြန်မာစစ်သားတွေနဲ့အရာရှိတွေကို ဆက်ပြီးလေ့ကျင့်ပေးနေလေလေ၊ မြန်မာနိုင်ငံသားတွေရဲ့အသက်နဲ့ဂျပန်နိုင်ငံရဲ့နိုင်ငံတကာဂုဏ်သိက္ခာကို ထိခိုက်လေလေပါပဲ။ လူ့အခွင့်အရေးအလေးပေးတဲ့နိုင်ငံအနေနဲ့ အသိအမှတ်ပြုခံလိုတဲ့ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေးအတွက် ရပ်တည်သင့်သလို အာဏာသိမ်းစစ်အစိုးရနဲ့ ကာကွယ်ရေးဆက်ဆံရေးတွေဖြတ်တောက်သင့်ပါတယ်”လို့လည်း ကာဆာအီကပြောပါတယ်။

၂၀၁၆ ခုနှစ်၊ သြဂုတ်ကနေ ၂၀၁၇ ခုနှစ်၊ မတ်အထိ ဗိုလ်မှူးကြီးတင်စိုးဟာ ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များကောလိပ်မှာ သင်ကြားခဲ့ပါတယ်။၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တိုကျိုမြို့မှာရှိတဲ့မြန်မာသံရုံးမှာ ကောင်စစ်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်းမှာ တင်စိုးက မြန်မာနိုင်ငံပြန်ခဲ့ပြီး သူ့ကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပေးခဲ့သလို ၂၀၂၁ ခုနှစ်၊ သြဂုတ်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှာတော့ သူ့ကိုနေပြည်တော်ခေါ်ခဲ့တယ်လို့ သတင်းရင်းမြစ်စ်ဦးကပြောပါတယ်။

Source – HRW Photo – AP

Leave a Reply

Your email address will not be published. Required fields are marked *