စစ်တပ်ထဲမှာ ယောင်္ကျားခြင်းကြိုက်တဲ့ပြဿနာတွေလည်း ဖြေရှင်းနေရ၊ HIV ရောဂါလက္ခဏာပြနေတဲ့သူတွေပါ ရှိနေတယ်လို့ဆို

သြဂုတ် ၁၀၊ The Nation Voice

စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာ ယောင်္ကျားခြင်းကြိုက်တဲ့ ပြဿနာတွေကိုလည်း အခြေအနေတစ်ခုအနေနဲ့ ဖြေရှင်းနေရပြီးတော့ တပ်စု၊တပ်ဖွဲ့ခေါင်းဆောင်တွေကလည်း အပြင်ထိသတင်းပေါက်ကြားတာမျိုးမရှိအောင်ဖုံးဖိနေရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ထဲမှာ ဒီလိုအခြေအနေတွေရှိနေတယ်ဆိုတာကြောင့်လည်း တပ်အပြောင်းအရွှေ့တွေကိုလည်းပြုလုပ်လာရတာဖြစ်ပြီး ယောင်္ကျားခြင်းကြိုက်တဲ့သူနှစ်ဦးက တပ်တစ်ခုထဲမှာ မနေရတော့ဘဲ အခြားတပ်ဌာနတစ်ခုကိုပြောင်းရွှေ့နေရကာ ဖုန်းသုံးခွင့်တဲ့ တပ်သားတွေကိုလည်း Tik Tok မှာ မိန်းမပုံစံမျိုး မလုပ်ဖို့အတွက် ကြိမ်းမောင်းနေရတယ်လို့ မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ်တစ်ဦးက The Nation Voice ကို ပြောပြပါတယ်။ ” ဘယ်လိုသိလဲဆိုတော့ သူတို့က တပ်ထဲမှာနေရင် တခြားသူအသိမခံဘူး။ ဖုန်းသုံးရင်း သူတို့အခြင်းခြင်း ပြောတာတွေကို ရင်းနှီးတဲ့သူတို့သူငယ်ချင်းတွေက သိလို့ အစ်အောက်မေးရင်းနဲ့ သူတို့ရဲ့အကြောင်းတွေက တပ်ထဲမှာပဲ ပျံ့နေတာ။ တခြားသူတွေက ကိုယ့်တပ်ထဲမှာပဲ ဖြစ်နေတာလို့ထင်နေတာ၊ တကယ်တော့သူတို့က တပ်ထဲက ယောင်္ကျားခြင်းဘယ်သူတွေကြိုက်နေလဲ၊ ဘယ်သူတွေဂေးလဲဆိုတာ သူတို့အခြင်းခြင်းတော့ အကုန်သိတယ်။ အပြင်ကို မသိအောင်ထိန်းကြတယ်။ အပြင်မှာလိင်တူတွေနဲ့ပတ်သက်ပြီး ပွင့်လင်းလို့ရပေမယ့် တပ်ထဲမှာမရဘူး။ ကြိုက်ရင်လည်း ကြိတ်ပြီးကြိုက်ရတာ။ အထက်အရာရှိတွေ အသိခံလို့လည်းမရပြန်ဘူး။ အခု တစ်တော့မှာ မိန်းမလိုပုံမျိုးနဲ့ ကပြနေတဲ့ကောင်တွေထဲမှာ မိန်းမစိတ်ပေါက်နေတဲ့ကောင်တွေ တကယ်ပါတယ်။ သူတို့ကတော့ ဟန်ဆောင်ပြီးလုပ်ပြတာပေါ့။ သိတဲ့ကောင်တွေကတော့ရီတာပေါ့ ” လို့ အဆိုပါဒုတပ်ကြပ်က ဆိုပါတယ်။ စစ်ကောင်စီတပ်ထဲမှာ အဲဒီလိုအခြေအနေတွေအပြင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ဆေးရုံကို ရောဂါကုသဖို့ရောက်လာတဲ့သူတွေထဲမှာ မုဒိမ်းမှုနဲ့ ထောင်ကျဖူးသူတွေနဲ့ HIV ရောဂါလက္ခဏာပြနေတဲ့သူတွေပါ ရှိနေတယ်လို့သိရပြီးတော့ အဲဒီလို ရောဂါလက္ခဏာပြတဲ့သူတွေကို စစ်တပ်က ဆေးကုသမှု လုံလုံလောက်လောက်မပေးဘဲ ရှေ့တန်းထွက်မယ့်အထဲကို ထည့်ပေးနေတဲ့ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ” စစ်ဆေးအရာရှိတွေကလည်း ရောက်လာတဲ့ကောင်ကဘယ်သူဆိုတာသိတယ်။ ဘာဖြစ်တယ်ဆိုတာသိတယ်။ ၁ ရက် ၂ ရက်နေရင်ကောင်းသွားမှာ၊ သွေးအားနည်းလို့ဖြစ်တာ ဘာညာပြောပြီး အချိုသတ်လိုက်တယ်၊ နောက်ရက်ကျရင်တော့ အဲဒီကောင် နယ်ဖြစ်ဖြစ်၊ ရှေ့တန်းဖြစ်ဖြစ် အပို့ခံလိုက်ရတယ် ” လို့ ဒုတပ်ကြပ်က ထပ်လောင်းပြောဆိုပါတယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို အတည်ပြုချင်ပေမယ့် အချို့အခက်အခဲတွေကြောင့် The Nation Voice အနေနဲ့ အတည်ပြု မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *