သြဂုတ် ၁၀၊ The Nation Voice
ယူကရိန်းစစ်ပွဲက ခရိုင်းမီးယားဒေသနဲ့စတင်ခဲ့ပြီး အဆိုပါဒေသလွတ်မြောက်မှ စစ်ပွဲပြီးဆုံးမယ်လို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီက ကြွေးကြော်လိုက်ပါတယ်။
အဲဒီဒေသက ရုရှားလေတပ်အခြေစိုက်စခန်းတစ်ခုမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီး လူတစ်ဦးသေဆုံးခဲ့တဲ့နောက်မှာ ယူကရိန်းသမ္မတက ပြောတာပါ။
“ခရိုင်းမီးယားက ယူကရိန်းပိုင်၊ ကျွန်တော်တို့ဘယ်တော့မှလက်မမြှောက်ဘူး”လို့ ဇီလန်စကီက အင်္ဂါနေ့မှာပြောပေမဲ့ ပေါက်ကွဲမှုအကြောင်းကိုတော့ ထည့်သွင်းပြောဆိုတာမရှိပါဘူး။
စခန်းမှာ လက်နက်ခဲယမ်းတွေပေါက်ကွဲခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပေမဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုတဲ့အချက်ကို ယူကရိန်းက ငြင်းဆိုထားပါတယ်။
သီးခြားဖြစ်စဉ်အနေနဲ့ အင်္ဂါနေ့ညပိုင်းမှာ ရုရှားတိုက်ခိုက်မှုကြောင့် နိုင်ငံအလယ်ပိုင်း ဒီနီပရိုပီထရော့ဗ်ဒေသမှာ လူ(၁၃)ဦးသေဆုံးခဲ့ပြီး တောင်ပိုင်းက ဇာပိုရစ်ဇီယာဒေသမှာ တစ်ဦးသေဆုံးခဲ့တယ်လို့လည်း ယူကရိန်းအရာရှိတွေကပြောပါတယ်။
ခရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံတစိတ်တပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုပေမဲ့ ပင်လယ်နက်ကကျွန်းဆွယ်ဒေသကို တစ်ကမ္ဘာလုံးကတရားမဝင်ဘူးလို့ရှုမြင်တဲ့လူထုဆန္ဒခံယူပွဲအပြီး ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ လက်နက်နဲ့သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီကာလဟာ ရုရှားနဲ့ယူကရိန်းစစ်ပွဲစတင်တဲ့အချိန်လို့ ယူကရိန်းနိုင်ငံသားအများအပြားက ရှုမြင်ကြပါတယ်။
