ရေနံချောင်း PDF တပ်ဖွဲ့မှ Page Admin ဖမ်းဆီးခံရ

သြဂုတ် ၁၀၊ The Nation Voice

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Defense Force Yenanchaung ရဲ့ Page Admin ရဲဘော်တစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အသိပေးထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မနေ့က သြဂုတ်လ (၉) ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရေနံချောင်း(ပကဖ) ဘက်မှ ဆက်သွယ်သတင်းပေးလာတာဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ People’s Defence Force Yenangyaung မှ Page admin တစ်ဦးဖမ်းဆီးခံရ၍ Page အားဆက်သွယ်ခြင်း မပြုကြပါရန် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါတယ် “ ဟူ၍ ဆက်သွယ်သတင်း ပေးပို့လာပါခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဖမ်းခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီးတပ်တော် MDPDF က အသိပေးထုတ်ပြန်ရာမှာလည်း ရေနံချောင်းအခြေအနေမှာ ရှုပ်ထွေးနေပြီး စစ်တပ်ထောက်ခံတဲ့ ဒလန်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ရေနံချောင်း(ပကဖ) Page Admin အဖမ်းခံရတာလို့ တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကားပြီး အသိပေးထားပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေနဲ့ People Defense Force Yenanchaung page ကို ဆက်သွယ်တာ မပြုလုပ်ကြဖို့နဲ့ ဆက်သွယ်လာပါကလည်း လက်ခံပြောကြားခြင်းမပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

“ YNG PDF က page admin ဖမ်းဆီးခံရတဲ့သတင်းကအမှန်ပါဗျ ၊ သူတို့အဖွဲ့ကလူတစ်ဦးက ကျွန်တော်တို့ သမဂ္ဂဆီ သူတို့အဖွဲ့ကလူ ဖမ်းဆီးခံရကြောင်း ဆက်သွယ်သတင်းပေးပို့လာပါတယ်ဗျ “ လို့ ရေနံချောင်း ကျောင်းသားသမဂ္ဂက The Nation Voice ကို အတည်ပြုပါတယ်။ အဖမ်းခံလိုက်ရတဲ့ တော်လှန်ရေးရဲဘော်ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘယ်လိုဖမ်းဆီးခံရတယ်ဆိုတဲ့အခြေအနေကို The Nation Voice က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *