“ အမေနေကောင်းပါတယ် ”

သြဂုတ် ၉၊ The Nation Voice

“ အမေ နေကောင်းရဲ့လား “

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ရုံးထုတ်မှာ အနားကပ်ပြီး ကိုနွေဦးက အဲဒီလို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဘာလို့ အဲဒီလို အရဲစွန့် မေးမြန်းခဲ့ရတာလဲဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့ ထောင်တွင်းသီးသန့်နေအိမ်မှာ လေဝင်လေထွက် မကောင်းတာ၊ အစားအသောက် ချို့တဲ့တာတွေနဲ့ ပတ်သက်ပြီး ထောင်တွင်းဆရာဝန်နဲ့ ပြသခဲ့ရတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် လုံခြုံရေးအရ အမည်လွှဲပြောင်းထားတဲ့ ကိုနွေဦးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မနေ့ ဩဂုတ်လ (၈)ရက် ရုံးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ရဟတ်ယာဥ်ငှားရမ်းမှု၊ ပြင်ဆင်မှုနဲ့ဆက်စပ်တဲ့ အဂတိအမှုတွေကို ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတရားခွင်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် လမ်းခုလတ်တစ်နေရာမှာ ကိုနွေဦးက သူကြားထားတဲ့သတင်းတွေအတွက် စိုးရိမ်တကြီးနဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့တာပါ။

သူ့ရဲ့မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကည်က “ အမေ နေကောင်းပါတယ် သားရယ် “ လို့ ခပ်တိုတိုပဲ ဖြေသွားပေမယ့် အသက်အရွယ်ရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ အနုနည်းနဲ့ နှိပ်စက်နေမှုတွေကို ဘယ်လောက် ခံနိုင်မလဲဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ ကိုနွေဦးက ဆိုပါတယ်။

“ သူ့မျက်ဝန်းတွေကိုကြည့်ရတာ ကျွန်တော့်ရင်ထဲ မချိဘူး။ အသက် (၇၀) ကျော်ရွယ် အမေအိုတစ်ဦးကို လက်နက်ကိုင် ယောက်ျားရင့်မာကြီးတွေက ကြက်ကလေး၊ ငှက်ကလေးဖမ်းသလိုဖမ်းပြီး နှိပ်စက်ထားတာတွေက အင်မတန်ရှက်ဖို့ကောင်းတယ် ” လို့ ကိုနွေဦးက The Nation Voice ကို ပြောပြပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို သူတို့ဖန်တီးထားတဲ့ အထူးတရားရုံးမှာ ရုံးထုတ်နေတာဖြစ်ပေမယ့် ရုံးထုတ်ချိန်မှာ အခြားသူတွေထက် လုံခြုံရေးကို တင်းကျပ်စွာ ချထားပြီး လုံခြုံရေးယူထားသူတွေမှအပ အခြားသူတွေကို အနားကပ်ခွင့် ပေးမထားပါဘူး။

ဒါကြောင့်လည်း ကိုနွေဦးက ခရီးသွားဟန်လွဲပုံစံမျိုးနဲ့ အရဲစွန့် မေးမြန်းခဲ့ရတာပါ။

ပြီးခဲ့တဲ့ကာလတွေမှာ လက်နက်ကိုင် စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သဘောမျိုးနဲ့သာ ဖမ်းဆီးထိန်းသိမ်းထားပေမယ့် အမှုတွေကို အမိန့်ချမှတ်ပြီးနောက်မှာတော့ နေပြည်တော်အကျဉ်းထောင်ထဲက သီးသန့်နေအိမ်တစ်လုံးမှာ ပြောင်းရွှေ့နေထိုင်စေကာ သာမန်အကျဉ်းသားတွေ ထားတဲ့ပုံစံမျိုးနဲ့ နေထိုင်စေခဲ့တာပါ။

လက်ရှိမှာ အမှုများစွာနဲ့ တရားစွဲဆိုထားပြီး ထောင်ဒဏ်တွေကို နှစ်ရှည်ချမှတ်ထားကာ ဆက်လက်ရင်ဆိုင်နေရတဲ့ အမှုတွေကိုလည်း ချေပခွင့်မပေးဘဲ နှစ်ရှည်ထောင်ုဏ်တွေသာ ချမှတ်လိမ့်ဦးမယ််လို့ တရားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

စစ်အုပ်စုရဲ့ ထောင်ဒဏ်တွေ ဘယ်လောက်ပဲ နှစ်ရှည်ချမှတ်နေပါစေ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ မလုပ်ခဲ့တဲ့အရာတွေအတွက် တရားရုံးမှာ အမြဲငြင်းဆိုလေ့ရှိပြီး တစ်ခုမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုခဲ့တာဟာ မြန်မာပြည်သူတွေကြားထဲ ရေပန်းစားခဲ့ပါသေးတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက် တော်လှန်ရေးဟာ အရေးကြီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတွေထွက်ပေါ်လာရင်လည်း တော်လှန်ရေးကို ပိုမိုအားထည့်ပေးကြဖို့အတွက် ရန်ကုန်ရဲ့ မြို့ပြပြောက်ကျားတွေက တိုက်တွန်းပါတယ်။

“ အမေဒေါ်အောင်ဆန်းစုကြည် မြန်မြန်လွတ်မြောက်ဖို့ဆိုရင် တော်လှန်ရေးအောင်မြင်ဖို့အရေးကြီးတယ်။ မပန်ဆယ်လိုရဲ့ စကားကိုယူသုံးရမယ်ဆိုရင် ဒီနေနိုင်ရင် ဒီနေ့လွတ်တယ်။ ထောင်ထဲမှာ တစ်စက္ကန့်တောင် ကျွန်တော်တို့မထားဘူး ” လို့ ရန်ကုန် မြေအောက်တော်လှန်ရေးရဲဘော်တစ်ဦးက သူ့ရဲ့ ပြတ်သားမှုကို ပြောပါတယ်။

စစ်အုပ်စုဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ပြခဲ့ပြီး ပြည်သူတွေကြားထဲ အကြောက်တရားတွေ ထည့်သွင်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် ဘာတွေ ထပ်လုပ်ဦးမယ်ဆိုတာ မသိနိုင်သေးလို့ ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ယုတ်မာကောက်ကျစ်မှုတွေအပေါ် သွေးမအေးကြဖို့လည်း UG တွေက သတိပေးထားပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အမှုပေါင်း (၁၃)မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်မှုချင်းအနေနဲ့ အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်ခံရမယ်ဆိုရင် ထောင်ဒဏ် စုစုပေါင်း နှစ် (၁၀၀)ကျော်အထိ ချမှတ်ခံရမှာဖြစ်တယ်လို့ တရားရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

လာမယ့် ဩဂုတ်လ (၁၅)ရက်မှာတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့ လရောင်တောစီမံကိန်းအမှုကို အပြီးသတ်အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *