တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ကြွက်စုတ်တွေမှာတွေ့ရတဲ့ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရသူ(၃၅)ဦးရှိနေ

သြဂုတ် ၁၁၊ The Nation Voice

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ တိရစ္ဆာန်တွေကနေဆင်းသက်လာတဲ့ဗိုင်းရပ်စ်သစ်တစ်မျိုးကူးစက်ခံရသူ ဒါဇင်ချီရှိနေပြီး သိပ္ပံပညာရှင်တွေကလည်း ဒီကူးစက်မှုနောက်ကို ခြေရာခံနေပါတယ်။

ရှန်ဒေါင်းနဲ့ ဟီနန်ပြည်နယ်တွေမှာ novel Langya henipavirus (LayV)(လေးဖစ်သ်)ဗိုင်းရပ်စ်ကူးစက်ခံရသူ(၃၅)ဦးရှိနေပြီး ကူးစက်ခံရသူအများအပြားမှာ ဖျားနာတာ၊ နုံးနေတာနဲ့ ချောင်းဆိုးတာတို့တွေ့နေရပါတယ်။

သူတို့ကို တိရစ္ဆာန်တွေကနေလာတဲ့ဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး လေးဖစ်သ်ဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေတစ်ဦးကို ကူးစက်နိုင်ကြောင်း အထောက်အထားမရှိသေးပါဘူး။

ဗိုင်းရပ်စ်ကို ကြွက်စုတ်တွေမှာ အများဆုံးတွေ့ရတယ်လို့ သုတေသီတွေကပြောပါတယ်။ဗိုင်းရပ်စ်တွေ့ရှိမှုကို တရုတ်၊ စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့က သုတေသီတွေရေးသားထားပြီး အခုလအတွက်ထုတ်ဝေတဲ့ New England Journal of Medicine ဆေးသိပ္ပံဂျာနယ်မှာမီးမောင်းထိုးပြထားပါတယ်။

လေးဖစ်သ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ သေဆုံးမှုမရှိသလို ပြင်းထန်မှုမရှိတာကြောင့် ထိတ်လန့်နေစရာမလိုဘူးဆိုပြီး သုတေသီတွေထဲမှာပါဝင်တဲ့ စင်ကာပူနိုင်ငံက Duke-NUS Medical School ဆေးတက္ကသိုလ်က ဝမ် လင်ဖာက တရုတ်အစိုးရပိုင် Global Times သတင်းစာကိုပြောပါတယ်။

ဒါပေမဲ့ သဘာဝအလျောက်ရှိနေတဲ့ဗိုင်းရပ်စ်တွေ လူတွေကိုကူးစက်ရင် ခန့်မှန်းမရတဲ့ရလဒ်တွေထွက်လာတဲ့အတွက် သတိတော့ ထားရမယ်လို့ ဝမ်ကပြောပါတယ်။

စမ်းသပ်ခဲ့တဲ့ကြွက်စုတ်(၂၇)ရာခိုင်နှုန်းမှာဗိုင်းရပ်စ်တွေ့ရှိတာကြောင့် ကြွက်စုတ်တွေဟာ ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားသူတွေဖြစ်နိုင်တယ်လို့ ဖော်ပြနေပြီး ခွေး(၅)ရာခိုင်နှုန်းနဲ့ဆိတ်(၂)ရာခိုင်နှုန်းမှာလည်း ဗိုင်းရပ်စ်တွေတွေ့ရပါတယ်။

လေးဖစ်သ်ဗိုင်းရပ်စ်နောက်ဆုံးအခြေအနေတွေကို အာရုံစိုက်နေတယ်ဆိုပြီး ထိုင်ဝမ်ရောဂါထိန်းချုပ်ရေးဌာနက တနင်္ဂနွေနေ့မှာပြောပါတယ်။

Source – BBC
Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *