ရခိုင်မှာ AA တပ် တစ်ခုတည်းရှိရေးဆက်လုပ်မယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူပြော၊ စစ်ကောင်စီနဲ့ စစ်ရေး တင်းမာမှုဆက်လက်မြင့်တက်နေ

ဩဂုတ် ၁၁၊ The Nation Voice

ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တစ်ခုတည်း ရှိရေးမူဝါဒကို တသွေမတိမ်း ဆက်လုပ်သွားမယ်လို့ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၁၁ရက်မှာ ပြုလုပ်တဲ့ AA ရဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ AA ဟာ ရခိုင်ပြည်သူလူထုရဲ့ ထောက်ခံမှု အရှိဆုံးလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ရခိုင်လူထုရဲ့ (၇၅) ရာခိုင်နှုန်းကျော် အထိ ဩဇာသက်ရောက်မှု ရှိတယ်လို့ သူကဆိုပါတယ်။

“ရခိုင်ဒေသထဲမှာ အခုလက်ရှိ အနေအထားအရ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် နှစ်ခုသာရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ မူဝါဒက ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် တစ်ခုတည်း ရှိဖို့ဆိုတာ ကျွန်တော်တို့ အနေနဲ့ လုံခြုံရေးမူဝါဒချထားပြီးသားဖြစ်ပါတယ်။ ယင်းအတိုင်း ကျွန်တော်တို့ တသွေမတိမ်းဆက်လက်ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ဒေသမှာ AA နဲ့ စစ်ကောင်စီတပ်တို့ဆက်လက်စစ်ရေးတင်းမာနေပြီးတော့ ချင်းပြည်နယ်၊ပလက်၀နဲ့ရခိုင်ပြည်နယ်၊မောင်တောတို့မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးတင်းမာမှု၊ အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် စစ်ကောင်စီတပ်ဘက်က ဆွေးနွေးညှိနှိုင်းဖို့ ကြားခံကနေ ဆက်သွယ်လာပေမယ့် ဆွေးနွေးတာမျိုးမရှိခဲ့ဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။ စစ်ရေးတင်းမာတဲ့ အခြေအနေကြောင့် ပြည်သူလူထုတွေသတိထားကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *