ယင်းမာပင်မှာ PDF (၇) ဦးကျဆုံးတာမဟုတ်ပဲ တစ်ဦးသာကျဆုံးခဲ့ရတယ်လို့ဆို၊ စစ်တပ်ဘက်ကလည်း အရာရှိတစ်ဦးအပါ (၃) ဦးသေ

သြဂုတ် ၁၂၊ The Nation Voice

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို စစ်အုပ်စုက မနေ့ ညနေပိုင်းမှာ ရဟတ်ယာဉ် နှစ်စင်း၊ တိုက်လေယာဥ် တစ်စင်းနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ခြေလျင်စစ်ကြောင်းနဲ့ ရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် PDF (၇) ဦးကျဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို စစ်လော်ဘီတွေကလည်း (၇) ဦးသေတယ်လို့ ဝါဒဖြန့်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မဟာမိတ်အဖွဲ့တွေက တော်လှန်ရေးကိစ္စရပ်တွေအတွက် တွေ့ဆုံနေကြစဥ်မှာပဲ သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်တွေရဲ့ဝင်ရောက်စီးနင်းတာခံလိုက်ရတာဖြစ်ပြီး ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကာ လက်နက်အချို့ဆုံးရှုံးတာမျိုးရှိတယ်လို့ ယင်းမာပင် PDF နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

“ ရွာသားတွေကို ဓါးစာခံအနေနဲ့ ဖမ်းထားတာ ဟုတ်တယ်။ စစ်တပ်က ဒီဘက်ကိုလာရင် လုပ်နေကျထုံးစံအတိုင်းပဲပေါ့။ (၇) ဦးကျတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ တစ်ဦးပဲကျတယ်။ လက်နက်တစ်ချို့ ဆုံးရှုံးထားတာမှန်တယ်။ လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေတယ်။ ဒီလောက်ပဲပြောချင်တယ် ” လို့ သူက ဆိုပါတယ်။

ဆုံးရှုံးခဲ့တဲ့ လက်နက်တွေကတော့ M-22 ငါးလက်၊ ၄၀ ဗုံးပစ်လောင်ချာ(ဆုံလည်) နှစ်လက်၊ ၆၀ မမစိန်ပြောင်း ရှစ်လက်၊ကျည် (၂,၉၄၀) တောင့်၊ ဗုံးသီးမျိုးစုံ (၁၁၀) လုံး၊ ကျည်အိမ် (၃၂) ခု၊လက်ပစ်ဗုံး တစ်လုံး၊ အီနာဂါဗုံးသီး တစ်လုံးတို့ ဖြစ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့သလို စစ်တပ်ဘက်ကလည်း အရာရှိတစ်ဦးအပါအဝင် သုံးဦးလောက် သေဆုံးခဲ့ပြီးတော့ လက်ရှိအချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံး လုံခြုံစိတ်ချရတဲ့နေရာ ရောက်ရှိနေပြီး စစ်ရေးတင်းမာမှုတော့ ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *