ထရမ့်အိမ်ကိုရှာဖွေရာမှာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေသိမ်းဆည်းရမိတယ်လို့ ရှာဖွေဝရမ်းမှာပါဝင်

သြဂုတ် ၁၃၊ The Nation Voice

အခုတပတ်ထဲမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ရဲ့ အပန်းဖြေစံအိမ်ကိုဝင်ရောက်စီးနင်းရှာဖွေရာမှာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေ အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအေဂျင်စီက သိမ်းဆည်းရမိခဲ့တယ်လို့ ရှာဖွေဝရမ်းမှာပါဝင်လာပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ TS/SCI လို့အမှတ်အသားပါတဲ့စာရွက်စာတမ်းအစုံလိုက်အပါအဝင် စာရွက်စာတမ်း (၁၁)စုံကို အေးဂျင့်တွေက ဖယ်ရှားခဲ့ပါတယ်။

အမှားအယွင်းလုပ်ထားတာမရှိဘူးလို့ ထရမ့်က ငြင်းဆိုထားပြီး သိမ်းဆည်းရမိတဲ့စာရွက်စာတမ်းတွေဟာ ထိပ်တန်းလျှို့ဝှက်အဖြစ်ကနေ ပယ်ဖျက်ထားပြီးသားတွေဖြစ်တယ်လို့လည်းပြောပါတယ်။ ရာဇဝတ်မှုနဲ့ အမေရိကန်သမ္မတဟောင်းတစ်ဦးနေအိမ်ကိုဝင်ရောက်ရှာဖွေတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။သောကြာနေ့နေ့လည်ပိုင်းမှာစာရွက်စာတမ်းတွေကို လူသိရှင်ကြားထုတ်ပြခဲ့တာပါ။

ဓာတ်ပုံအယ်လ်ဘမ်တစ်ခု၊ လက်ရေးမူကြမ်းတစ်ခု၊ ပြင်သစ်သမ္မတရဲ့သတင်းအချက်အလက်နဲ့ ထရမ့်ရဲ့ကာလရှည်မိတ်ဆွေ ရော်ဂျာ စတုန်းကိုယ်စားရေးသားထားတဲ့အသနားခံစာတို့ပါဝင်နေတဲ့ ပစ္စည်းသေတ္တာ (၂၀) ကို တနင်္လာနေ့မှာ သိမ်းဆည်းလာခဲ့တယ်လို့ အရာရှိတွေကပြောပါတယ်။ နောက်ထပ် လျှို့ဝှက်စာရွက်စာတမ်း(၃)စုံနဲ့ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်း (၃)စုံတို့လည်းပါဝင်ပါတယ်။

နိုင်ငံလုံခြုံရေးအတွက်အန္တရာယ်ရှိနိုင်တဲ့အချက်အလက်တွေကို ထိန်းသိမ်းတာနဲ့ လွှဲပြောင်းတာတွေတားမြစ်ထားတဲ့ သူလျှိုဥပဒေချိုးဖောက်မှုရှိ၊ မရှိ အက်ဖ်ဘီအိုင်အေးဂျင့်တွေကို စုံစမ်းစစ်ဆေးဖို့ ရှာဖွေဝရမ်းမှာ ညွှန်ကြားထားပါတယ်။ လျှို့ဝှက်စာရွက်စာတမ်းတွေဖယ်ရှားတာကို ဥပဒေနဲ့ တားမြစ်ထားပြီး ထရမ့်သမ္မတဖြစ်စဉ်က ပြစ်ဒဏ်တိုးမြှင့်ခဲ့တာကြောင့် အခုတော့ ထောင်ဒဏ် (၅)နှစ်အထိကျခံရနိုင်ချေရှိနေပါတယ်။

Source – BBC Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *