ယင်းမာပင်၊ရင်ပေါင်တိုင်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ ဒေသခံ PDF ပြော

ဩဂုတ် ၁၃၊ The Nation Voice

စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာအနီးမှာ မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၁ရက် ညနေပိုင်းက ရင်ပေါင်တိုင်ရွာကို တိုက်ခိုက်ရေးရဟတ်ယာဉ် (၂)စီး၊ ထောက်ပို့ရဟတ်ယာဉ်တစ်စီးတို့နဲ့ လေကြောင်းက တိုက်ခိုက်တာ၊ မြေပြင်ကို စစ်အင်အားတွေ ချပေးပြီး ဝင်ရောက်စီးနင်းတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော်တချို့နဲ့ ဒေသခံတချို့ ကျဆုံးတာ၊ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အသေးစိတ် အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။ လက်နက်ခဲယမ်းဆုံးရှုံးမှုရှိခဲ့တယ်လို့လည်း ဒေသခံ PDF က ပြောပါတယ်။ အဲဒီလို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက မနေ့က နေ့လည်ပိုင်းမှာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ မနေ့က နေ့ခင်းပိုင်း တိုက်ပွဲမှာ ဝင်သိမ်းနိုင်ခါနီးဆဲဆဲမှာ လေကြောင်းကလာပစ်လို့ လွှတ်ခဲ့ရတာ။ ဟိုဘက်က သေဆုံးမှုများတယ်ဆိုတာမျိုးကြားရတယ်” လို့ ဒေသခံ PDF က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၁ရက်မှာ ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်နဲ့(၄)ခေါက် လာရောက်ပြီး စစ်အင်အားဖြည့်တင်းပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။ မနေ့က ဩဂုတ် ၁၂ရက် တိုက်ပွဲမှာလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် ပုလဲမြို့နယ်က ပျူစောထီးတွေကို ရဟတ်ယာဉ်နဲ့လာပို့ပြီး အင်အားဖြည့်တင်းသွားတယ်လို့ ဒေသခံ PDF က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *