သြဂုတ် ၁၃၊ The Nation Voice
စစ်ကိုင်းတိုင်း၊ ဝက်လက်နယ် လှတောရွာဘက်လာတဲ့စစ်ယာဥ်တန်းကို ပဒေသာမိုင်း အလုံး (၃၀)နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၁၀)ထက်မနည်းသေဆုံးသွားတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၂၃)က သြဂုတ် (၁၂) ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လ (၁၂)ရက်၊ မွန်းလွဲ (၁)နာရီဝန်းကျင်ခန့်က ရွှေဘိုဘက်ကနေ စစ်ကားအကြီး (၄)စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို တပ်ရင်း (၂၃)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စိုင်နိုင်ကွေ့အနီးမှာ ပဒေသာမိုင်းအလုံး (၃၀)နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
” စခ အပြည့်တင်လာသော ကားကြီးတစ်စီး ထိမှန်ပြီး (၁၀) ကောင် ထက်မနည်း သေဆုံးကြောင်းသိရပြီး ထိခိုက်ဒဏ်ရာရ များပြားကြောင်းသိရတယ် ” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီးနောက် လှတောရွာဘက် မောင်းနှင်သွားပြီး အဲဒီရွာရဲစခန်းထဲ တပ်စွဲထားကြောင်း ဖော်ပြပါတယ်။
အထက်ပါ စစ်ကောင်စီတပ်ယာဥ်တန်းအား ရွှေဘိုခရိုင်တပ်ရင်း (၂၃)၊ တပ်ခွဲ(၁)နဲ့ သိဒ္ဓိရှင်တိုက်နယ်(ပ.က.ဖ)ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Shwe Bo defense Force (SBDF)၊ Daung (ဒေါင်း)ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို အသုံးပြုတဲ့အခါ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးကသွားဖို့ သတိပေးထားပါတယ်။
