သြဂုတ် ၁၃ The Nation Voice
နယူးယောက်ပြည်နယ်က အခမ်းအနားတစ်ခုမှာ ဓားနဲ့ထိုးခံခဲ့ရတဲ့စာရေးဆရာ ဆယ်လ်မန် ရက်ရှ်ဒီးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းကောင်းမရှိသေးဘူးလို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ အန်ဒရူး ဝီလီ ကပြောပါတယ်။ စင်မြင့်ပေါ်မှာ ဓားနဲ့ထိုးခံရတာဖြစ်ပြီး လက်ရှိမှာတော့ အသက်ရှူစက်တပ်ထားရသလို စကားလည်းမပြောနိုင်ဘူးလို့ ဝီလီက ထုတ်ပြန်ချက်မှာပြောပြီး အသက် ၇၅ နှစ်ရှိနေတဲ့ ရက်ရှ်ဒီး မျက်လုံးတစ်ဖက်ဆုံးရှုံးနိုင်တယ်လို့လည်း ပြောပါတယ်။
၁၉၈၈ ခုနှစ်မှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ The Satanic Verses စာအုပ်ကိုရေးသားပြီးနောက် အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို နှစ်ပေါင်းများစွာခံလာရတာဖြစ်ပါတယ်။ ဓားထိုးမှုနဲ့ပတ်သက်ပြီးသံသယရှိသူ နယူးဂျာစီပြည်နယ်၊ ဖဲရ်ဗျူးမြို့က အသက် ၂၄ နှစ်အရွယ် ဟာဒီ မာတာကို ရဲတွေက ထိန်းသိမ်းထားပါတယ်။
နယူးယောက်ပြည်နယ်အနောက်ပိုင်း ချော်တူကွာအင်စတီကျူ့မှာ သံသယတရားခံက စင်ပေါ်ပြေးတက်ပြီး ရက်ရှ်ဒီးနဲ့ တွေ့ဆုံမေးမြန်းသူ တစ်ဦးတို့ကို ဓားနဲ့ထိုးခဲ့တယ်လို့ နယူးယောက်ပြည်နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။ စာရေးဆရာ မျက်လုံးတစ်ဖက်ဆုံးရှုံးနိုင်ပြီး လက်မောင်းကအာရုံကြောတွေဆိုးဆိုးရွားရွားထိခိုက်ခဲ့သလို အသည်းလည်း ဓားဒဏ်ရာကြောင့်ထိခိုက်နေတယ်လို့ အေးဂျင့်ကပြောပါတယ်။
စင်တာမှာတွေ့ရတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို စစ်ဆေးဖို့ ရှာဖွေဝရမ်းတောင်းခံနေကြတဲ့ရဲတွေကလည်း ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာနဲ့ စွဲချက်တွေကို အတည်မပြုနိုင်သေးပါဘူး။ ရက်ရှ်ဒီးကို လည်ပင်းနဲ့ ဗိုက်တို့မှာ အနည်းဆုံးတစ်ကြိမ်စီဓားနဲ့ထိုးခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။

