သြဂုတ် ၁၄၊ The Nation Voice
တောင်ပေါ်မြေပြန့် ပူးပေါင်းစစ်ဆင်ရေးအဖြစ် မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)က ဒီကနေ့ သြဂုတ် (၁၄) ရက်မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ်အပိုင် ဆောနဲ့ ကန်ပက်လက်အစပ်မှာရှိတဲ့ ကျင်ဒွေးတိုက်နယ်ရဲစခန်းကို သြဂုတ် (၁၂) ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး CDF တပ်ရင်း (၅)ရင်းနဲ့အတူ LSRPDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အလုံး (၅၀)ကျော်နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ကျနော်တို့ အဲဒီကျင်ဒွေးရွာက ကန်ပက်လက်နဲ့ ဆောကို အဓိကဆက်သွယ်ထားတဲ့ လမ်းပိုင်းပေါ်မှာ ရှိပါတယ်။ ဟိုဘက်ဒီဘက်ဒေသခံတွေက သူတို့(စကစ)အထိုင်ချပို့ဆို့ထားတဲ့အတွက် သွားလာရေးအတော်ဒုက္ခရောက်ကြတယ်။ ဒါကြောင့် အဲဒီလမ်းပိုင်းကို ကျနော်တို့ ပြန်ပြီးစိုးမိုးနိုင်ဖို့ ခုလိုပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်တာဖြစ်ပါတယ် ” လို့ LSRPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ မနက် (၉) နာရီလောက်ကနေ (၁၀) နာရီကျော်အထိ တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီး စခန်းအနီးဝန်းကျင်ထိကပ်ကာ လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးထက်မနည်းသေဆုံး၍ အများအပြား ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ကျင်ဒွေးရဲစခန်းထဲ နေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား (၂၀၀)ခန့်ကို အပြင်ထွက်ခွင့်မရအောင် ပူးပေါင်းတပ်တွေက ဝိုင်းထားပြီး အချိန်မရွေး တိုက်ပွဲထပ်ဖြစ်နိုင်တယ်လို့ LSRPDF က ခန့်မှန်းထားပါတယ်။
