ယင်းမာပင် ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်ခွာသွား

ဩဂုတ် ၁၄၊ The Nation Voice

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ကို ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေ အထိနာပြီး ဒီကနေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၁ရက်ညနေက တိုက်ခိုက်ရေးရဟတ်ယာဉ်(၂)စီး၊ ထောက်ပို့ ရဟတ်ယာဉ်တစ်စီးနဲ့ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အင်အားတွေကို ရဟတ်ယာဉ်နဲ့ (၄)ကြိမ် ပို့ဆောင်ကာ ရင်ပေါင်တိုင်ရွာမှာ တပ်စွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်တွေကို ဒေသခံ PDF ပူးပေါင်းအဖွဲ့က ဩဂုတ် ၁၂ရက်နဲ့ ၁၃ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့တယ်လို့ ဆိုပါတယ်။ဒီကနေ့ စစ်ကောင်စီတပ်တွေ ပြန်လည်မဆုတ်ခွာမီ ရွာက ဆိုင်ကယ်ဝပ်ရှော့ကို မီးရှို့သွားတယ်လို့ ဒေသခံ PDF က ပြောပါတယ်။ အဲဒီလို ရှို့တာဟာ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုပုံပြီး မီးရှို့တာလို့ ယူဆကြောင်း ၎င်း ကဆိုပါတယ်။

“ရင်ပေါင်တိုင်မှာတော့ ဒေသခံ PDF တွေ ရှင်းလင်းရေးဝင်နေပြီ။သူတို့ ပထမဆုံး ဝင်ရောက်စတင်ပစ်ခတ်တဲ့နေ့က ရင်ပေါင်တိုင်စျေးထဲမှာရော ရင်ပေါင်တိုင် အနှံ့အပြားမှာရော ပစ်တာဆိုတော့ နွားအသေကောင်တွေအတော်များများရှိတယ်။ ဒေသခံ အရပ်သားတွေလည်း အဲဒီမှာ အသေအပျောက်တွေ တွေ့တယ်ရှိတယ်လို့ ပြောတယ်။ အတိအကျ အရေအတွက် မရသေးတာ” လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရင်ပေါင်တိုင်က ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်ဘက်ကို ရောက်သွားပြီး အဲဒီမှာလည်း ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထပ်မံ သေဆုံးတာတွေရှိတယ်လို့လည်း သူက ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *