သြဂုတ် ၁၄၊ The Nation Voice
တရားမဝင်အွန်လိုင်းကာစီနိုကွန်ရက်စီမံခန့်ခွဲနေကြောင်း နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့ အငြင်းပွားဖွယ်တရုတ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။ အသက် ၄၀ ရှိနေတဲ့ ရှီကျီဂျန်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက တရုတ်အာဏာပိုင်တွေလက်ကနေထွက်ပြေးနေတာလို့ တရုတ်မီဒီယာတွေကဖော်ပြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ၊ကရင်ပြည်နယ်က ရွှေကုက္ကိုစီမံကိန်းတို့လို အငြင်းပွားဖွယ်အကြီးစားစီမံကိန်းကြီးတွေနဲ့ လောင်းကစားရုံတွေသာမက ဖိလစ်ပိုင်နိုင်ငံက ထီရုံတို့ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက သူ့ကိုထိန်းသိမ်းပြီးနောက် သူ့ရဲ့ထိုင်းဗီဇာကိုလည်း ပယ်ဖျက်ခဲ့ပြီး တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကိုလည်း ဆိုင်းငံထားတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။
“ထိုင်းအစိုးရရှေ့နေက လာမယ့်တပတ်မှာ ရာဇဝတ်မှုဆိုင်ရာတရားရုံးကို ယာယီထိန်းသိမ်းခွင့်တောင်းပါလိမ့်မယ်”လို့ ထိုင်းရဲအရာရှိတစ်ဦးက ပြောတယ်လို့ AFP သတင်းအေဂျင်စီမှာဖော်ပြပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ၂၀၂၁ ခုနှစ်၊ မေလမှာထုတ်ပြန်ခဲ့တဲ့အနီရောင်အဆင့်သတိပေးချက်မှာတော့ ရှီဟာ တရုတ်နိုင်ငံမှာ ကာစီနိုလုပ်ငန်းနဲ့ဆက်စပ်လို့ ရာဇဝတ်မှုစွဲချက်တွေရင်ဆိုင်နေရပြီး အများဆုံးထောင်ဒဏ် (၁၀) နှစ်ကျခံရနိုင်တယ်လို့ ပါဝင်နေပါတယ်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတို့ကြားမှာ ရာဇဝတ်ဂိုဏ်းတစ်ခုကိုဦးဆောင်နေတဲ့သံသယတရားခံက တခြားလူတွေနဲ့ပူးပေါင်းကာ ကုမ္ပဏီတွေမှတ်ပုံတင်ခဲ့ပြီး အွန်လိုင်းလောင်းကစားဝက်ဆိုက်တွေသုတေသနလုပ်တာနဲ့ ဖွံ့ဖြိုးအောင်လုပ်ခဲ့တယ်လို့လည်း သတိပေးချက်မှာပါဝင်ပါတယ်။ Hongshulin၊ Yigou နဲ့ Yiyou International တို့အပါအပင် အွန်လိုင်းလောင်းကစားဝက်ဆိုက်တွေတည်ထောင်ခဲ့ပြီး လောင်းကစားသူ (၃၃၀၀၀၀) စုစည်းနိုင်ခဲ့တယ်လို့လည်း ပါဝင်ပါတယ်။
“တရားမဝင်လုပ်ငန်းတွေကြောင့် ရှီကျီဂျန်းရခဲ့တဲ့ဝင်ငွေ ဒေါ်လာ ၃၀.၅ သန်းကို နိုင်ငံခြားလွှဲပြောင်းပေးခဲ့ပါတယ်”လို့လည်းပါဝင်ပါတယ်။ သိသာထင်ရှားတဲ့ငွေပမာဏတစ်ခုလိမ်လည်ခံလိုက်ရတဲ့တရုတ်သားကောင်တယောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာဖော်ပြပါတယ်။ ရှီမှာ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်ရှိတယ်လို့ သတိပေးစာမှာပြောပေမဲ့ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာမွေးဖွားခဲ့တာပါ။
၂၀၁၇ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာတယ်လို့ Frontier Myanmar ကဖော်ပြပေမဲ့ အခြေအနေအတိအကျကတော့ မရှင်းလင်းပါဘူး။ အစိုးရဘဏ္ဍာတိုက်ကို အနည်းဆုံးဒေါ်လာ (၂၅၀၀၀၀) လှူဒါန်းရင် လူတစ်ဦးကို ကမ္ဘောဒီးယားအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်။တရုတ်နဲ့ထိုင်းနိုင်ငံတို့ကြား ရာဇဝတ်သားလွှဲပြောင်းရေးသဘောတူညီချက်ရှိပေမဲ့ လွှဲပြောင်းဖို့ လပေါင်းများစွာကြာနိုင်ပါတယ်။
