ဩဂုတ် ၁၅၊ The Nation Voice
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စွဲရာနေရာတွေကို ကရင်အမျိုးသား အစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ ဩဂုတ် ၁၅ရက် မနက်မှာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ကော့ကရိတ် စုပေါင်းရုံး၊ ရဲစခန်းနဲ့ဘဏ်တွေအပါအဝင် မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာနေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက် တချို့ရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က မွန်းလွဲပိုင်းအထိ လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေပြီး အရပ်သားတချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ကော့ကရိတ်ဒေသခံက ပြောပါတယ်။
ခရိုင်ရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး တချို့အရှင်ဖမ်းမိခဲ့ကြောင်းနဲ့ လက်နက် ၆လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ငွေမောင်းသံမီဒီယာရဲ့ ကော့ကရိတ်တိုက်ပွဲ သတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။ Salween Press ရဲ့ဖော်ပြချက်မှာတော့ KNLA ပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်မြို့ပေါ် ရဲစခန်းနဲ့စစ်တပ်တပ်ရင်းတစ်ခုအပါအဝင် နေရာ(၈)ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
