ဩဂုတ် ၁၅၊ The Nation Voice
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ခင်ဦးကနေရွှေဘိုကိုထွက်ခွာလာတဲ့ စကစ(၄)စီးပါယာဉ်တန်းကို ဩဂုတ်(၁၃)ရက်မနက်(၉)နာရီကျော်လောက်ကခင်ဦးလမ်းဆုံမှာမဟာမိတ်တွေနဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Shwe Bo Defense Force – SBDF ကထုတ်ပြန်ပါတယ်။ ခင်ဦးကနေ ရွှေဘိုကိုထွက်ခွာလာတဲ့ စကစ(၄)စီးပါယာဉ်တန်းရဲ့ ဒုတိယကားနဲ့ နောက်ဆုံးကားကို ပဒေသာမိုင်းကြီးရှစ်လုံးနဲ့ နှစ်ကြိမ်တိုင်မိုင်းခွဲခဲ့တာဖြစ်ပြီး နှစ်စီးလုံးထိမှန်ခဲ့ကာ စကစတပ်သားအများအပြား ထိခိုက်ခဲ့ပြီး အသေအဆုံးအတိအကျကိုတော့ မသိရသေးဘူးလိုဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စကစတပ်သားတွေဟာလည်း တိုက်ခိုက်ခံရပြီးနောက် ဘေးပတ်လည်လည်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ Shwe Bo Defense Force (SBDF) စခန်း(၃)မိုင်းအဖွဲ့နှင့်အတူ မဟာမိတ် King Peacock Defense Force ( ဒေါင်းရာဇာ ကာကွယ်ရေး အဖွဲ့ ) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားလမ်း စတဲ့လမ်းမကြီးများပေါ်မှာ SBDF မိုင်း အဖွဲ့တွေနဲ့မဟာမိတ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ည ၇ နာရီ ကနေ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြဖို့နဲ့ ကားတွေကို မှန်ချမောင်းနှင်တာတွေအပြင် စကစယာဉ်တန်းတွေနဲ့ ဝေးဝေးနေကြပါဖို့လည်း အထူးမေတ္တာရပ်ခံ ထားပါသေးတယ်။
